၁၇၈၄ခုနှစ်လောက်မှာ ဂျာမန်လူမျိုးဆေးဆရာ ဆမ်မြူရယ်ဟာနာမန်ဟာ ပီရူးနိုင်ငံမှာတွေ့ရတဲ့ ဆင်ကိုးနား ပင်ရဲ့ အခေါက်အကြောင်းဖတ်မိတယ်။ ထိုသစ်ခေါက်ရဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတခုက ငှက်ဖျားရောဂါကို ပျောက်စေတယ်ဆိုတယ်။ ထိုခေတ်ထိုအခါတုန်းက ကမ္ဘာတဝှမ်းမှာ လူတွေငှက်ဖျားရောဂါ အတော်လေးရကြရှာပါတယ်။ ရောဂါဖြစ်ရင်လဲ ကုနိုင်တဲ့ဆေးရယ်လို့ မယ်မယ်ရရမရှိခဲ့ပါဘူး၊ ရောဂါနဲ့ ပတ်သတ်တဲ့ အသိပညာ နည်းပညာတွေလဲ မထွန်းကားသေးပဲကိုး။ ဘာကြောင့်ငှက်ဖျားဖြစ်ရတယ်၊ ငှက်ဖျားက ခန္ဓာကိုယ်ကိုထဲ ဘယ်နည်းဘယ်ပုံ ဝင်ရောက်တယ်၊ ငှက်ဖျားမဖြစ်အောင် ဘယ်လိုကာကွယ် နေထိုင်ရမယ်၊ ဖြစ်လာရင် ဘယ်လိုကုယူရမယ်၊ စတာတွေကို ဘယ်သူကမှ အတိအကျ မသိသေးပါဘူ၊ အဲသလို မသိပေမဲ့လဲ ကြိုးစားပြီးမကုပဲတော့ မနေကြပါဘူး။ အထူးသဖြစ် ငှက်ဖျားလို ကြောက်စရာကောင်းတဲ့ ရောဂါကို သိသလောက် တတ်သလောက်နဲ့ မကုလို့မရပါဘူး၊ မကြိုးစားခြင်းရဲ့ ရလာဒ်က ရှင်းနေပါတယ်။ ဒါကြောင့် ဆေးကုတဲ့အလုပ်ကို ကျောခိုင်းခဲ့တဲ့ ဆေးဆရာတစ်ယောက်ဖြစ်ပေမဲ့လဲ ဆမ်မြူရယ် ဟာနာမန် ဟာ ဆင်ကိုးနား အခေါက်အကြောင်းဖတ်မိတော့ အတော်လေး စိတ်ဝင်စားသွားပါတယ်၊ ဒီသစ်ခေါက်ဟာ တကယ်ပဲ ငှက်ဖျားရောဂါကို ပျောက်အောင်ကုပေးနိုင်စွမ်း ရှိသလား၊ သူ စမ်းကြည့်ချင်ပါတယ်။
ခက်တာက ထိုအချိန်မှာ သူဟာ အသက် ၃၀ ခန့် အရွယ် ကျန်းကျန်းမာမာ ရှိတဲ့ လူငယ်တစ်ယောက်ပါတယ်၊ သူ့မှာ ငှက်ဖျားမရှိဘူး။ သူလို လက်တလော ငှက်ဖျားမရှိသူ တစ်ယောက်ဟာ ငှက်ဖျားဆေး ကောင်းမကောင်း ဘယ်လို စမ်းသပ်ရမှာတုံး။ သူကိုယ်တိုင် ငှက်ဖျားရောဂါဝင်တဲ့အထိတော့သူ မစောင့်နိုင်ပါဘူး၊ ငှက်ဖျားမိထားသူတွေကိုလဲ မရှာတော့ပါဘူး။ သူကိုယ်တိုင်ပဲ ဆင်ကိုးနားသစ်ခေါက်ကို တနေ့နည်းနည်း စတင်သုံးဆောင်ပါတယ်၊ ဆေးဆရာ အလုပ်လုပ်ဖူးသူမို့ သုံးဆောင်တဲ့ ဆေးပမာဏ၊ ရလာတဲ့ ခံစားချက်တွေ၊ စတာတွေကို တိတိကျကျ မှတ်တမ်းရေးထားပါတယ်။ နှစ်ပတ်လောက်ကြာတဲ့အခါမှာ ငှက်ဖျားဝင်လာသလို ရောဂါလက္ခဏာတွေ သူကိုယ်တိုင် ခံစားရတယ်လို့ ဟာနာမန်က ဆိုပါတယ်။
သူဖတ်ခဲ့တဲ့စာရယ်၊ သူကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ခံစားခဲ့ရတဲ့ အတွေ့ကြုံရယ်ကို ပေါင်းစပ်ပြီးသူက ကောက်ချက်တွေချပါတယ်။
၁။ ငှက်ဖျားမိသူတွေ ဆင်ကိုးနားအခေါက်ကို မှီဝဲရင် ရောဂါပျောက်တယ်၊ ဒါဟာ သူ့အတွက် စာတွေ့ဆိုပေမဲ့ ဒီအချက်ပေါ် သူ သံသယ မရှိဘူး။
၂။ ငှက်ဖျားမရှိ ကျန်းမာသူတွေ ဆင်ကိုးနားအခေါက်ကို မှီဝဲရင် ငှက်ဖျားစဖြစ်တော့မလို ရောဂါလက္ခဏာတွေ ရလိမ့်မယ်။ ဒါဟာ သူ့ရဲ့ ကိုယ်တွေ့ မို့ သံသယ မရှိဘူး။
၃။ အထက်က အချက် နှစ်ချက်ကို သူက ယေဘူရပြုတယ်။ ရောဂါကပေးတဲ့ ဝေဒနာနဲ့ ဆေးကပေးတဲ့ ဝေဒနာ တူတယ်ဆိုရင် ထိုဆေးဟာ ထိုရောဂါကို ကုသပေးနိုင်တယ်။
နောက်တစ်နည်းပြောရရင် ကျန်းမာသူတွေမှာ ရောဂါလက္ခဏာဖြစ်စေတဲ့ အရာဟာ ထိုရောဂါရသူတွေကို ကုပေးနိုင်တဲ့ဆေးဖြစ်တယ်။ ဒီ အကျိုးအကြောင်း ဆင်ခြင်မှုကို အခြေခံတဲ့ ဆေးကုနည်းဟာ ထိုခေတ်က ဆေးလောကမှာ အသစ်အဆန်းမို့ ဒီနည်းကို သူက ဟိုမီအိုပတ်သီ Homeopathy လို့ ဂရိဘာသာနဲ့ အမည်ပေးလိုက်ပါတယ်။ ဟိုမီအို ဆိုတာ ဆင်တူခြင်း၊ ပတ်သီ ဆိုတာ ဝေဒနာ၊ ဒါကြောင့် ဝေဒနာတူကုနည်းလို့ အဓိပ္ပာယ် ရပါတယ် (like cures like သို့မဟုတ် law of similars လို့လဲခေါ်ပါတယ်)။ မြန်မာလို ဓာတ်ကြမ်းတိုက်ကုနည်းလို့ ခေါ်ကြပါတယ်။
ဓာတ်ကြမ်းတိုက်နည်းနဲ့ ကုသတဲ့အခါမှာ လိုက်နာရမည့် နည်းအချို့ကိုလဲ ဟာနာမန်က အဆိုပြုခဲ့ပါတယ်။ ပထမ တခုက ဓာတ်ကြမ်းတိုက်ကုနည်းမှာ ဆေးတခုရဲ့ အာနိသင်ဟာ သုံးဆောင်တဲ့ ထိုဆေးရဲ့ ပမာဏနနဲ့ ဆန့်ကျင်ဘက် အချိုးကျတယ်ဆိုပါတယ်။ ဆေးပမာဏနည်းလေလေ ဆေးရဲ့ အာနိသင်များလေလေပဲ၊ ဘာကြောင့်လဲ ဆိုတော့ သုံးဆောင်တဲ့ ထိုဆေးအနည်းငယ်ဟာ ခန္ခာကိုယ်ထဲက အသက်ဝိညာဉ်ကို နိုးဆွေပေးပြီး ရောဂါကို တိုက်ဖျက်ပေးစေနိုင်တယ်လို့ သူက ယုံကြည်ပါတယ်။ နောက်တခုက ဓာတ်ကြမ်းတိုက်ကုနည်းမှာ သဘာဝအလျောက် တွေ့ရတဲ့ သစ်ဥသစ်ဖုတွေ၊ သစ်ခေါက် သစ်ရွက်တွေ၊ တိရိစ္ဆာန်တွေကရတဲ့ ဓာတုပစ္စည်းတွေ၊ သဘာဝ ရေမြေက ထွက်တဲ့ ဆား တို့ စိန် (အဆိပ်)တို့လို ဓာတ်သတ္တုတွေကို ကုန်ကြမ်းအဖြစ်သုံးပါတယ်၊ ဆေးလုပ်တဲ့အခါမှာ ထိုကုန်ကြမ်းတွေကို အဆပေါင်းများစွာအားဖျော့သွားအောင် ကျဲဆေး (ဥပမာ ရေသန့်) အများကြီးနဲ့ ရောရမယ်ဆိုပါ၊ ရောတဲ့အခါမှာ ဆေးကို အားရပါးရ ခါပေးရမယ်၊ ဒါမှ ဆေးနဲ့ ကျဲဆေး ဟာ အဆပေါင်း သန်းနဲ့ချီ ကွာလဲ ဆေးရဲ့ ဓာတ်အာနိသင်ဟာ ကျဲဆေးထဲ ပျော်ဝင်သွားမယ်၊ ဆေးလုံးဝမကျန်ပဲ ကျဲဆေး တခုတည်းသာ ကျန်ခဲ့တယ်ဆိုရင်တောင် ထိုဖျော်စပ်မှုထဲမှာ ဆေးရဲ့ဓာတ်တွေကို အမှတ်အသားအဖြစ်ကျန်ခဲ့ တယ်လို့ ဟာနာမန် က ဆိုပါတယ်။ ကျဲဆေးထဲက ထိုအမှတ်အသားတွေကို ခန္ခာကိုယ်ရဲ့ အသက်ဝိညာဉ်ဟာ တကယ့်ဆေးအလား အသိအမှတ်ပြုတာမို့ အကျိုးအာနိသင်က အတူတူပဲလို့ သူက ယုံကြည်ပါတယ်။
ဟာနာမန် အဆိုပြုခဲ့တဲ့ အခြားနည်းတခုက လူနာကို ရောဂါဝေဒနာအကြောင်း စုံစမ်းမေးမြန်းတဲ့အခါ လက်ငင်းရောဂါလက္ခဏာ အကြောင်းသာမက အခြားအခြားသော ကျန်းမားရေးနဲ့ ပတ်သတ်နိုင်တဲ့ ကိစ္စတွေကိုလဲ အချိန်ပေးပြီး အသေးစိတ် ဆွေးနွေးဖို့ လိုအပ်တယ် ဆိုပါတယ်၊ ဥပမာ ခေါင်းကိုက်လို့ သူ့ဆီသွားပြရင် သူက လူမှုရေးကိစ္စတွေ၊ အိမ်ထောင်ရေး မိသားစုကိစ္စတွေ၊ သာရေးနာရေး ကိစ္စတွေအကြောင်းလဲ အကြာကြီး မေးနိုင်ကောင်းတယ်။ သူ့ကုနည်းမှာ လူနာရဲ့ ဘက်စုံ ရောဂါတွေကို ဖော်ထုတ်ပြီးမှသာ ကုဖို့ဆေးပေးရမယ် ဆိုတယ်၊ လူတစ်ယောက်နဲ့ တစ်ယောက် ဘဝအခြေနေတွေ မတူနိုင်တာမို့ သူတို့ကို ကုပေးနိုင်တဲ့ ဆေးလဲ မတူနိုင်ဘူး၊ ဒါကြောင့် ခေါင်းကိုက်ဝေဒနာသည် နှစ်ယောက်ကို ဆေးနှစ်မျိုး ပေးကောင်းပေးနိုင်တယ် ဆိုပါတယ်။
၁၇၈၀ ခုနှစ် နောက်ပိုင်းမှာ စတင်တီထွင်ခဲ့ပေမဲ့ ဟာနာမန်ရဲ့ ဆေးကြမ်းတိုက်ကုနည်းဟာ ရှေးဟောင်းပညာရပ်တခုအလား ထင်ချင်စရာပါပဲ၊ ‘သဘာဝထွက် ပစ္စည်း’ ကိုသုံးတာ၊ အာနိသင်များအောင် ရေနဲ့ အဆပေါင်းများစွာရောတဲ့အတွက် ဆေးမပြင်းတာ၊ ဆေးကြောင့် အခြား ဘေးထွက် အန္တရာယ်တွေ မရနိုင်တာ၊ လူနာကို တကယ်ပဲ စိတ်ရှည်ရှည်နဲ့ ဂရုစိုက်တာမျိုးကြောင့် ဒီနည်းကိုကြိုက်တဲ့ လူနာတွေ ဆေးဆရာတွေ စပေါ်လာပါတယ်၊ တချိန်တည်းမှာပဲ ဒီနည်းဟာ တကယ်ပဲ ကောင်းမကောင်း စမ်းချင်တဲ့ ပညာရှင်တွေလဲ ရှိလာပါတယ်။ ဟာနာမန်ရဲ့ ကုနည်းကို ထောက်ခံသူတွေနဲ့ စောတကတက်သူတွေရဲ့ ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ ဆေးကုသနည်းတခု ကောင်းတယ် မကောင်းဘူး ဆိုတာအပေါ် အမြင်မတူသူတွေ အခြေတင်ပြောစရာ ရှိလာပြီဆိုရင် ဘယ်သူမှန်တယ် ဘယ်သူမှားတယ်ဆိုတာကို ဘယ်လို သံသပ်မှာလဲ။ တိတိကျကျ ပြောဖို့မဖြစ်နိုင်ဘူးလို့ ထင်ချင်စရာရှိပါတယ်၊ ဒါပေမဲ့လဲ ဒီမေးခွန်းကို ဖြေနိုင်ဖို့ ဆေးဆရာ အချို့အားထုတ်ခဲ့ကြပါတယ်တယ်၊ ထိုအားထုတ်မှုတွေကြောင့် ဆေးလောကမှာ သိပ္ပံနည်းသစ်တွေ စတင်ထွန်းကားလာစေပါတယ်။

ဆမ်မြူရယ်ဟာနာမန်ကို ၁၇၅၅ခုနှစ် ဧပြီလမှာ အခုခေတ် ဂျာမနီနိုင်ငံရဲ့ ဒရစဒန်မြို့နားမှာ မွေးပါတယ်။ ထိုဒေသမှာ တွင်ကျယ်တဲ့ ကြွေထည်ပစ္စည်းလုပ်ငန်းမှာ သူ့အဖေ အလုပ်လုပ်ခဲ့ပါတယ်၊ ငယ်ရွယ်စဥ်ကတည်းက သူဟာ ဘာသာစကားအတော်များများကို ကျွမ်းကျွမ်းကျင်ကျင်တတ် ဆိုပါတယ်၊ တက္ကသိုလ်မှာ ဆေးပညာနဲ့ ဘွဲ့ရပြီး အသက် ၂၆နှစ်လောက်မှာ သူဟာ ရွာတခုမှာ ဆေးဆရာဝင်လုပ်ပါတယ်၊ မကြာပါဘူး၊ “ဘာမှန်းမသိရတဲ့ ဝေဒနာတွေကို ဘာမှန်းမသိတဲ့ ဆေးတွေနဲ့ကုနေရတာ ဝတ္တရားပျက်ကွက် သလိုခံစားရတယ်၊ လူသား အချင်းချင်အပေါ် လူသတ်မှု၊ ဒုစရိုက်မှုတွေပြုနေရတာပါလား ဆိုတဲ့ အသိစိတ်ကြောင့် စိတ်ပျက်ရလွန်းလို့ ဆေးလောကနေ ထွက်ခဲ့ပါတယ်” လို့ ဟာနာမန်က ဆိုပါတယ်။
ထိုခေတ်ထိုအခါက ဆေးဆရာတွေသုံးတဲ့ ကုထုံးတွေဟာ လူနာတွေကို ကုပေးတာက နည်းနည်း အန္တရာယ်ပြုတာက များများလို့ သူထင်တာ မမှားလောက်ပါဘူး၊ ကုထုံးအများစုကလဲ အတော်ပဲ ဆိုးပါတယ်၊ ဘာရောဂါပဲဖြစ်နေပါစေ သွေးမသန့်လို့ဖြစ်တာလို့ဆိုပြီး လူနာဆီက သွေးတွေ ထုတ်ပစ်တဲ့ နည်းဟာ အတော်လေး ခေတ်စားပါတယ်၊ သွေးထုတ်တဲ့အပြင် လူနာကို ပေါင်းတင်မယ်၊ ချွေးထုတ်မယ်၊ အန်ခိုင်းမယ်၊ အဲသလိုနည်းတွေနဲ့ လူနာရဲ့ကိုယ်ထဲက လေပုတ်လေစုပ်တွေ ထုတ်ပေးဖို့ လိုအပ်တယ်လို့ ယူဆကြလို့ပါပဲ။ အဲသလိုလုပ်ရင် အားမရှိတဲ့လူနာမဆိုပါနဲ့ ကျန်းမာတဲ့သူတွေတောင် သိပ်ခံနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ဆေးဆရာအလုပ်ကို အယုံအကြည်ပျက်ပြီး စက်ဆုပ်လို့ ဘာသာပြန်စာရေးတဲ့ အလုပ်နဲ့ပဲ အသက်ဝမ်းစာ ရှာစားခဲ့ပါတယ်။ အဲသလို နိုင်ငံခြားစာတွေဖတ်နေရင်း စကော့တလန်သား ဆေးဆရာ တစ်ယောက်ရေးတဲ့ စာအုပ်တစ်အုပ်မှာ ငှက်ဖျားနဲ့ ဆင်ကိုးနား အခေါက်အကြောင်းဖတ်မိပြီး သူစွန့်ခွာခဲ့တဲ့ ဆေးကုဆရာအလုပ် တကွေ့ပြန် စိတ်ဝင်စားလာတာပါ။ ခေတ်ပြိုင်ဆေးဆရာတွေရဲ့နည်းကို သူက လက်မခံပဲ ကိုယ်တိုင် ဓာတ်ကြမ်းကုနည်း ကို အပြင်းအထန်လေ့လာဖေါ်ထုတ်ပါတယ်၊ ထိုနည်းနဲ့ လူနာတွေကို ကုပေးသလို၊ ထိုနည်းကို အများသိအောင် စာတွေပေတွေရေးပါတယ်။ ဒီကုနည်းအကြောင်း၊ ကုနိုင်တဲ့ရောဂါတွေ၊ ဆေးပြင်ဆင်နည်းတွေ၊ ကုသနည်းတွေအကြာင်းကို ဟာနာမန်ဟာ စာအုပ်စာတမ်းတွေ ရေးပြီး လူသိများအောင် ကြိုးစားပါတယ်။ ဓာတ်ကြမ်းကုနည်းဟာ လက်ရှိသုံးနေကြတဲ့ ကုထုံးတွေထက်ပို ကောင်းတယ်လို့ ဟာနာမန်က ယုံကြည်ပါတယ်၊ ငှက်ဖျားသာ မက၊ အခြားအခြားသော ရောဂါ ဝေဒနာတွေကိုလဲ ဓာတ်ကြမ်းကုနည်းနဲ့ ကုနိုင်တယ်လို့ သူထင်ပါတယ်။ သူ့နည်းဟာ မကြာခင်မှာ အတော်အသင့် အောင်မြင်မှုတွေရပြီး လူနာတွေထဲ့ ချမ်းသာကြွယ်ဝသူတွေ ပါပါတယ်။ သူ့အတွက် ဝင်ငွေ ချောင်လွယ်လာသလို၊ အခြားဆေးဆရာတွေကို ဒီနည်းသင်ပြေပေးတာမို့ နောက်လိုက် တပည့်ပညာရှင်တွေလဲ ပေါ်လာပါတယ်။ ၁၈၁၂ မှာ လိုက်ပဇစ် တက္ကသိုလ်မှာ ပါရဂူဘွဲ့ရပြီး စာသင်ခွင့်ရပါတယ်၊ နှစ် ၂၀ကျော်ကြာ စာသင်ပြီးနောက် ၁၈၃၅ မှာ ပါရီမြို့ကို ပြောင်းနေပါတယ်။ ၁၈၄၃ မှာ ကွယ်လွန်တယ်၊ အသက် ၈၈နှစ်။ သူစခဲ့တဲ့ ဓာတ်ကြမ်းကုနည်းဟာ သူ့တစ်သတ်တာအတွင်းမှာပဲ လူသိထင်ရှားဖြစ်ပြီး အခြားနိုင်ငံတွေဆီပါပြန့်ခဲ့ပါတယ်။ အဲသလို အောင်မြင်လာတဲ့အခါ သူ့နည်းကို စိတ်ဝင်စားသူတွေ အများအပြားရှိလာပါတယ်။ အထူးသဖြစ် ကျန်းမာရေးဆိုင်ရာ အရာရှိအကြီအကဲတွေက ဟာနာမန်ရဲ့ နည်းအသစ်ကို ကောင်းမကောင်း စမ်းကြည့်ချင်ကြပါတယ်။