ဆန်မြူရယ် ဟာနာမန် ရဲ့ တပည့် လုပ်ဖေါ်ကိုင်ဖက် ဓာတ်ကြမ်းဆေးဆရာတွေထဲမှာ ထင်ရှားတဲ့သူတစ်ဦးက ဒေါက်တာ ခရစ်တီယန် ဟားမန် ဖြစ်ပါတယ်။ သူလဲပဲ ဆေးဆရာအလုပ်နဲ့ အတော်အတန် အောင်မြင်မှုတွေရခဲ့ပြီး လူသိများခဲ့သူတစ် ယောက်ပါ။ ဆေးကုတဲ့အလုပ်နဲ့ လှည့်လည်သွားလာရင်း ၁၈၂၇ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ စိန့်ပီတာစဘာခ် မြို့ကို ရောက်လာပါတယ်။ ရုရှားနိုင်ငံရဲ့ တော်ဝင်မိသားစုထဲက ထိပ်သီးပုဂ္ဂိုလ်အချို့တောင် ဓာတ်ကြမ်းနည်းနဲ့ ကုသမှုခံဖို့ သူ့ဆီ လာကြတယ်ဆိုပါတယ်။ ထိုကာလအတွင်းမှာ ရှေ့တန်းရောက် ဘုရင့်တပ်သားတွေ အတော်များများ မနာမကျန်းဖြစ်ကြရလို့ ဓာတ်ကြမ်းနည်းနဲ့ စမ်းကုပေးဖို့ နန်းတွင်းကနေ ဒေါက်တာ ဟားမန် ဆီကို စကားကမ်းလှမ်းလာပါတယ်။ ၁၈၂၉ခုနှစ် ဖေဖဝါရီလမှာ ရုရှားစစ်သားတွေကို ဓာတ်ကြမ်းကုနည်းနဲ့ကုပေးဖို့ ၁-နှစ် စာချုပ် သူချုပ်ဆိုလိုက်ပါတယ်။ ပထမ အဆင့်အနေနဲ့ အခုခေတ် ယူကရိန်းနိုင်ငံက တူလဇင် မြို့ကလေး အနားက ရုရှားစစ်ဆေးရုံတစ်ခုမှာ လူနာတွေကို စတင်ဆေးကုဖို့ သဘောတူကြပါတယ်။
အဲသလိုနဲ့ ဓာတ်ကြမ်းကုနည်းကို ပထဆုံးအကြိမ် ကျယ်ကျယ်ဝန်းဝန်း အသုံးချနိုင်ဖို့ အခွင့်အလမ်းတစ်ခု ပေါ်လာပါတယ်၊ ဒေါက်တာ ဟားမန် ဟာ တူလဇင် မြို့ကိုရောက်လာပြီး ဆေးရုံမှာ မနာကျန်းတဲ့ စစ်သားအချို့ကို ဓာတ်ကြမ်းဆေးနဲ့ စပြီးကုပါတော့တယ်၊ လူနာတွေမှာ ဘာရောဂါရှိကြတယ်၊ ရောဂါ ဘယ်လောက်ဆိုးတယ်၊ အရင်က ဘာဆေးတွေနဲ့ ကုခဲ့တယ်၊ စတာတွေကို တိတိကျကျ မသိရပါဘူး။ ပြောလို့ရတာ တစ်ခုကတော့ သူ ဆေးစကုပြီး ၃-လ အကြာမှာ စစ်တမ်းယူထားတာရှိပါတယ်၊ ဒီစာရင်းအရဆိုရင် ဓာတ်ကြမ်းကုနည်းနဲ့ ကုခဲ့တဲ့ လူနာပေါင်း က ၁၆၄ ယောက် ရှိခဲ့ပါ။ ရောဂါပျောက်သွားတာက ၁၂၃ ယောက်၊ နာလန်ထဆဲရှိတဲ့ လူနာက ၁၈ ယောက်၊ သက်သာမှုမရှိသေးတဲ့ လူနာက ၁၈ ယောက်၊ ကွယ်လွန်သွားသူက ၆ ယောက်ပါ။ ၃ လ အပြီးမှာ ရတဲ့ ကနဦးရလဒ်တွေကို ကြည့်ပြီး ဓာတ်ကြမ်းတိုက်ကုနည်းဟာ အကျိုးထိရောက်မှုရှိမရှိ ဘယ်လိုပြောနိုင်မလဲ။ ဒါကို စဥ်းစားကြည့်ရအောင်။
လူနာတစ်ယောက်ကို ကုသဖို့ ဆေးတစ်ခုကျွေးရင် ဖြစ်နိုင်တဲ့ ရလဒ်တွေက ဘာတွေရှိမလဲ၊ ဖြစ်နိုင်ခြေ ၃ မျိုးသာ ရှိပါတယ်။
၁) မကြာတဲ့ ကာလတခုနောက်မှာ လူနာရဲ့ ရောဂါ သက်သာသွား နိုင်တယ်၊ ရောဂါလုံးလုံးပျောက်သွားနိုင်တယ်။
၂) မကြာတဲ့ ကာလတခုနောက်မှာ လူနာရဲ့ ရောဂါပိုဆိုးသွားနိုင်တယ်၊ လူနာ အသက်ပါ ပါသွားနိုင်တယ်။
၃) မကြာတဲ့ ကာလတခုနောက်မှာ ရောဂါအဆိုးအကောင်း ဘယ်လိုမှ အပြောင်းအလဲ မရှိတာ ဖြစ်နိုင်တယ်။
ဒီမှာ အကျိုးနဲ့အကြောင်းနဲ့ ဆင်ခြင်ကြည့်ရအောင်။ လူနာတစ်ယောက် ဆေးသောက်တယ်၊ မကြာခင်မှာ ရောဂါ သက်သာသွားတယ် ဆိုကြပါစို့၊ ရောဂါသက်သာခြင်းဟာ အကျိုး၊ ကောင်းသော အကျိုးပေါ့။ ဒီအကျိုးကိုဖြစ်စေတဲ့ အကြောင်း ကဘာလဲ။ ဆေးကြောင့် ကောင်းသွားတာလား၊ ဒါက ဖြစ်နိုင်ခြေတစ်ခု၊ ဒါပေမဲ့ အခြားသော ဖြစ်နိုင်ခြေတွေလဲ ရှိသေးတယ်၊ ဆေးမပေးလဲ သူ့ဘာသာသူပြန်ကောင်းသွားမဲ့ လူနာ မျိုးမို့လဲ ဖြစ်နိုင်တယ်၊ ဆေးကုစရာမလိုပဲ ပျောက်သွားနိုင်တဲ့ရောဂါမျိုးကြောင့်လဲဖြစ်နိုင်သေးတယ်၊ အဲသလို အခြားသော အကြောင်းတွေလဲရှိနိုင်သေးတယ် ဆိုတာကိုထည့်စဉ်းစားဖို့လိုတယ်။ ဒါကြောင့် နေကောင်းသွားတယ်ဆိုတဲ့ အကျိုးရလဒ်က တစ်ခု၊ ဒါပေမဲ့ ဒီအကျိုးကိုပေးနိုင်တဲ့ အကြောင်းက တစ်ခုထက်မက ရှိနိုင်တယ်၊ ဆေးကြောင့် နေပြန်ကောင်းတာ ဖြစ်နိုင်သလိုပဲ၊ ကိုယ်ခံအားကောင်းလို့ နေပြန်ကောင်းသွားတာလဲ ဖြစ်နိုင်တယ်၊ ရာသီဥတုပြောင်းသွားလို့ နေပြန်ကောင်းတာမျိုးလဲ ဖြစ်နိုင်တယ်။ အကျိုးတခုအတွက် အကြောင်းတွေက အများကြီး ရောထွေးနေတော့ ဘယ်အကြောင်းကြောင့် လူနာပြန်သက်သာသွားတယ်ဆိုတာကို ဘယ်လိုရှင်းနိုင်မလဲ။
တနည်းပြောရရင် ဒေါက်တာ ဟားမန်ကုခဲ့တဲ့ လူနာတွေထဲက ရောဂါပျောက်သွားတဲ့ လူနာ ၁၂၃ ယောက်ဟာ ဓာတ်ကြမ်းကုနည်းကြောင့် နေကောင်းသွားတာလား၊ ဒါမှမဟုတ် ဓာတ်ကြမ်းကုနည်းမပါလဲပဲ နေပြန်ကောင်းလာမဲ့ လူနာ တွေလား လို့မေးစရာရှိပါတယ်။ ထိုနည်းတူပဲ ကွယ်လွန်သွားတဲ့ လူနာ ၆ ယောက်ဟာ ဓာတ်ကြမ်းကုနည်းကြောင့် ကွယ်လွန်ကြတာလား၊ ဒါမှမဟုတ် ဓာတ်ကြမ်းကုနည်းမပါရင် ၆ ယောက်ထက် ပိုများတဲ့ လူနာတွေ ကွယ်လွန်ကြရမှာလားလို့လဲ မေးစရာရှိပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ချဥ်းကပ်ကြည့်ရအောင်။ ဓာတ်ကြမ်းကုနည်းဟာ လူနာအပေါ် အကောင်းအဆိုး တစုံတရာ အကျိုးသက်ရောက်မှုရှိသလား၊ မရှိဘူးလား။ ဒါဟာ ပထမ မေးခွန်းပါ။ အကျိုးသက်ရောက်မှု ဘာမှမရှိဘူးဆိုရင် ရှင်းသွားပြီ၊ ဓာတ်ကြမ်းကုနည်း ကို ဆေးတစ်ခုအဖြစ် အသုံးချလို့ဖို့မလိုဘူး။ အကျိုးသက်ရောက်မှုရှိတယ်ဆိုရင် ကောင်းတဲ့ အကျိုးလား၊ ဆိုးတဲ့အကျိုးလား၊ နှစ်ခုစလုံးလား။ ဒါက ဒုတိယ မေးခွန်းပါ။ ဒီမှလဲ ဆိုးကျိုးသာရှိတယ်ဆိုရင် လက်ခံစရာမရှိဘူး။ ကောင်းကျိုးသာရှိတယ်ဆိုရင်တော့ ဒီဆေးကို မျက်စေ့မှိတ်သုံးသင့်တယ်။ အဲ အချို့သော လူနာတွေကိုတော့ ကောင်းကျိုးပေးပေမဲ့ အခြားလူနာတွေကို ဆိုးကျိုးပေးတယ်ဆိုရင် ဘယ်လိုခွဲခြားလို့ရနိုင်မလဲ၊ တတိယ မေးခွန်းအနေနဲ့ ရှိသေးတယ်။
ပထမ မေးခွန်းကိုပဲ အချက်အလက်သုံးပြီး ဆင်ခြင်ကြည့်ရအောင်၊ လူနာပေါင်း ၁၆၄ ယောက်ထဲက ၁၂၃ ယောက် သက်သာသွားတယ်ဆိုတာ့ ဓာတ်ကြမ်းကုနည်း ဟာ လူတိုင်းကို အန္တရာယ်ပေးနိုင်တာ မဟုတ်ဘူးဆိုတာ တော့ သေချာပါတယ်။ ဓာတ်ကြမ်းဆေးသောက်ပြီး သက်သာသွား သူတွေအတွက်တော့ ဒီနည်းဟာ ကောင်းတယ်လို့ ထင်ချင်ကြမှာပဲ၊ မသက်သာတဲ့ သူတွေအတွက်တော့ ဒီနည်းဟာ မကောင်းဘူးလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ ဒီအချက်လက်တွေကနေ ဓာတ်ကြမ်းကုနည်း သုံးသင့် မသုံးသင့် ဘယ်လို ကောက်ချက်ချနိုင်မလဲ။ ဓာတ်ကြမ်းကုနည်းဟာ လူနာတွေအပါ်မှာ တစ်စုံတရာ အကျိုးသက်ရောက်မှုရှိ ခဲ့တယ်လို ယတိပြတ် ဘယ်လိုလုပ် ပြောနိုင်မလဲ၊ အခုကပြောခဲ့သလို သက်သာသွားတဲ့ လူနာ ၁၂၃ ဦးဟာ ဓာတ်ကြမ်းဆေးမပါလဲ သက်သာသွားမဲ့လူနာတွေလား ဆိုတဲ့မေးခွန်းမျိုးက ရှိနေတယ်၊ ဒီမေးခွန်းကို ရှိပြီးသား အချက်လက်တွေနဲ့ ဖြေလို့မရနိုင်ဘူး။
ဒီမေးခွန်းကို အဖြေပေးနိုင်တဲ့ စမ်းသပ်မှုနည်းလမ်းတခုရှိတယ်လို့ ရုရှားကျန်းမာရေးလောကထဲက ပညာရှင်အချို့က စဥ်းစားမိတယ်၊ လူနာအရေတွက်များများနဲ့ ဓာတ်ကြမ်းကုဆရာတစ်ဦး လိုအပ်တာမို့ ဒေါက်တာ ဟားမန်ကို စိန့်ပီတာစဘာခ်ကို ပြန်လာဖို့ ဖိတ်ခေါ်လိုက်တယ်။ မကြာခင်မှာပဲ စိန့်ပီတာစဘာခ်မြို့နားက စစ်ဆေးရုံတစ်ခုမှာ ဓာတ်ကြမ်းကုနည်းကို ဒုတိယအကြိမ် စမ်းကြည့်ဖို့ ရုရှား ကျန်းမာရေး ပညာရှင်တွေ ပြင်ဆင်ကြပြန်တယ်။ သူတို့ရဲ့ အစီအစဥ်အသစ်မှာ ဓာတ်ကြမ်းနည်းနဲ့ ကုသမဲ့ လူနာတွေကို လူနာဆောင်တစ်ခုမှာ ထားမယ်၊ ဒီလူနာ ဆောင်မှာ ဒေါက်တာ ဟားမန်က ကုပေးရမယ်။ ဓာတ်ကြမ်းနည်းမပါဘဲ ကုပေးမဲ့ လူနာတွေကို အခြား လူနာဆောင်တခုမှာ ခွဲထားမယ်။ ထိုလူနာတွေကို အခြားဆေးဆရာအတွေက ကုပေးမယ်။ ဒါဆိုရင် အချိန်တခုကြာပြီးနောက်မှာ လူနာဆောင်နှစ်ခုက သက်သာသူ၊ မသက်သာသူ လူနာဦးရေကို နှိုင်းကြည့်ရင် ဓာတ်ကြမ်းကုနည်းဟာ အခြားကုနည်းလောက် ကောင်းမကောင်း သိနိုင်တယ်။ ဒါပေမဲ့ ဓာတ်ကြမ်းနည်းဟာ အခြားဆေးကုနည််းလောက် ကောင်းမကောင်း သိချင်တာမဟုတ်၊ သိချင်တာက ဓာတ်ကြမ်းနည်းဟာ တစ်စုံတစ်ရာ အကျိုးရှိမရှိ ဆိုတာပါ။
ဒီနေရာမှာ ရုရှားကျန်းမာရေး ပညာရှင်တွေဟာ အရင်က ဘယ်သူမှ မလုပ်ဘူးတဲ့ ပရိယာယ်တခုကို ထည့်သုံးပါတယ်။ ဒုတိယ လူနာဆောင်မှာ တကယ်တေ့ အခြားဘာဆေးနဲ့ ကုမှာမဟုတ်ပါဘူး၊ လူနာတွေကို ဘာဆေးမှမပေးပဲ စောင့်ရှောက်ပေးထားမည့် ‘ဆေးမကု’ လူနာဆောင်ပါ။ ဒါဆိုရလဒ်တွေဟာ ဓာတ်ကြမ်းဆေးကုခြင်းနဲ့ လုံးဝဆေးမကုခြင်းကို နှိုင်းတာဖြစ်သွားပြီ၊ အကယ်၍သာ ဓာတ်ကြမ်းနည်းဟာ တစ်စုံတစ်ရာ အကျိုးရှိရင် ‘ဆေးကု’ လူနာရုံက ရတဲ့ ရလဒ်နဲ့ ‘ဆေးမကု’ လူနာရုံက ရတဲ့ ရလဒ်နဲ့က တူမှာမဟုတ်ဘူး။ ဒီအဖြေကို ကြည့်ရင် ဓာတ်ကြမ်းနည်းဟာ အကောင်းအဆိုး တစ်စုံတစ်ရာ အကျိုးရှိမရှိ ဆိုတာကို တိတိကျကျပြောနိုင်မယ်။
အဲ၊ ပြဿနာ တခုက လူနာတွေ ဆေးရုံလာတက်တဲ့အခါမှာ ‘ကိုင်း၊ မင်းတို့ကိုတော့ ဆေးကုလူနာဆောင်မှာ ထားပေးမယ်၊ မင်းတို့ကိုတော့ ဆေးမကုလူနာဆောင်မှာ ထားမယ်’ လို့ ပြောလို့ မဖြစ်ဘူး။ ဆေးမကု လူနာဆောင် ကို ဘယ်သူက သွားချင်မှာလဲ။ ဒါကြောင့် လူနာဆောင်တခုတည်းမှာသာ ဆေးပေးမယ်၊ အခြားလူနာဆောင်မှာဆို ဆေးမပေးဘူး၊ ဆိုတဲ့ အစီအစဥ်ကို လူနာတွေကို ပေးသိလို့မဖြစ်ဘူး။ ဒါကြောင့်ဆေးရုံရောက်လာပြီးနောက်မှာလဲ ‘ဆေးမကု’ ဆောင်က လူနာတွေကို ဆေးမပေးပဲ ဒီအတိုင်းထားထားရင်လဲ သူတို့က ရိပ်မိသွားနိုင်တယ်၊ ဒါကြောင့် ရုရှားကျန်းမာရေး ပညာရှင်တွေဟာ လူနာတွေအပေါ် သူတို့အဆိုအရ ‘ရိုးရိုးသားသား လှည့်ဖျားမှု’ တခုလုပ်ပါတယ်၊ ‘ဆေးမကု’ ဆောင်မှာ လူနာတွေကို ဘာဆေးအာနိသင်မှမရှိတဲ့ အရာတွေကို ဆေးအဖြစ် ဟန်ဆောင်ပြီး တိုက်ပါတယ်။ ဆေးအာနိသင်မရှိတဲ့ အယောင်ဆောင်ဆေးကို နောက်ပိုင်းမှာ ပလာစီဘို လို့ ခေါ်ကြပါတယ်။ ဆေးအာနိသင်မရှိဘူး ဆိုတော့ ဘယ်လိုအရာတွေ ဖြစ်နိုင်မလဲ၊ လူတိုင်းနေ့စဥ် စားသုံးကြတဲ့ ဂျုံမှုန့်၊ နို့မှုန့် စတာတွေကိုသုံးပြီး ဆေးလုံး ဆေးရည်ပုံလုပ်ထားတာတွေပါ။ ဒီအယောင်ဆောင်ဆေး ပဘာစီဘိုမှာ ဆေးမပါသလို လူနာကို အန္တရာယ်ပေးနိုင်တဲ့ အရာအတွေ မပါဖို့လဲ အရေးကြီးပါတယ်၊ ဥပမာ သကြားများများပါရင် ဆီးချိုရှိသူတွေအတွက် အန္တရာယ်ရှိနိုင်တယ်၊ ဒါကြောင့် ပဘာစီဘိုကို လူတိုင်းနေ့စဉ်စားသုံးကြတဲ့ အရာ အနည်းငယ်နဲ့လုပ်ဖို့ အရေးကြီးပါတယ်။ ထို ဆေးမကု လူနာရုံမှာ လူနာတွေကို ပလာစီဘို ပေးတဲ့အပြင် သူတို့ကို သန့်သန့်ရှင်းရှင်း နေခိုင်းတယ်၊ အချိန်မှန်မှန်နဲ့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားလုပ်ခိုင်းပါတယ်။ မကြာခင်မှာ လူနာဆောင်နှစ်ခုက စာရင်းတွေယူကြည့်လိုက်တော့ ဆေးကြမ်းကုနည်းဟာ လူနာအပေါ် တစ်စုံဟစ်ရာ အကျိုးရှိမရှိ ပြတ်ပြတ်သားသား အဖြေထွက်လာပါတယ်။
စိန့်ပီတာစဘာခ်က စစ်ဆေးရုံမှာ ၁၈၂၉ ခု စက်တင်ဘာလမှာ စတင်ခဲ့ ဒီစမ်းသက်မှုဟာ ၁၈၃၀ ခု ဖေဖေါ်ဝါရီလ မှာ ပြီးပါတယ်။ ဒီ ၅လကြာ ကာလအတွင်းမှာ ဒေါက်တာ ဟားမန်က လူနာ ၃၉၅ ယောက်ကို ‘ဆေးကုဆောင်’ မှာ ဓာတ်ကြမ်းနည်းကုသပေးခဲ့ပါတယ်၊ လူနာပေါင်း ၃၄၁ ယောက် သက်သာကောင်းမွန်ပြီး အခြား လူနာ ၂၃ ယောက် သေဆုံးပါတယ်။ ကျန်လူနာ ၃၁ ယောက်ကို အခြား လူနာလာဆောင်ကို လွှဲပေးထားတယ် ဆိုပါတယ်။ ‘ဆေးမကုဆောင်’ မှာ လူနာပေါင်း ၃၄၁ ယောက် ကုသပေးခဲ့ပါတယ်၊ လူနာ ၂၆၀ ယောက် သက်သာကောင်းမွန်ပြီး အခြား လူနာ ၅၃ ယောက်ကို အခြား လူနာဆောင်ကိုလွှဲ ပေးခဲ့ပါတယ်၊ ထိုလွှဲပေးခဲ့တဲ့ လူနာတွေထဲက ၉ ယောက်ကွယ်လွန်သွားပါတယ်၊ ကျန်တဲ့ လူနာ ၂၈ ယောက်က စာရင်းပျောက်ပါ။
ရာနှုန်းအရ ကြည့်မယ်ဆိုရင် ဓာတ်ကြမ်းကုနည်းအရ လူနာ ၁၀၀ မှာ ၈၆ ယောက် သက်သာတယ်၊ ၆ ယောက် ဆုံးတယ်၊ ၈ ယောက် စာရင်းပျောက်ပါ။ ပလာစီဘိုပေးပြီ ဆေးမကုနည်းအရ လူနာ ၁၀၀ မှာ ၇၆ ယောက် သက်သာတယ်၊ ၃ ယောက်ဆုံးတယ်၊ ၂၁ ယောက်က စာရင်းပျောက်။ စာရင်းပျောက်လူနာတွေကြောင့် အတိအကျ ပြောရခက်ပေမဲ့ ဒီရလဒ်နှစ်ခု ယှဥ်ကြည့်ရင် ဓာတ်ကြမ်းကုနည်းကြောင့် လူနာတွေ အာလုံးနီးနီး ပြန်ကောင်းတာမျိုး၊ ဓာတ်ကြမ်းကုနည်းမပါရင် လူနာ များများစားစား အသက်ဆုံးရတာမျိုးမရှိတာတော့ ထင်ရှားပါတယ်။ ဥပမာ စာရင်းပျောက်သူတွေထဲက အများစုဟာ သက်သာပြီး အိမ်ပြန်သွားကြသူတွေလို့ ယူဆရင် ရလဒ်နှစ်ခုမှာ ကွာခြားမှု သိပ်မရှိဘူး။ ဒါကြောင့် ဓာတ်ကြမ်းကုနည်းဟာ လူနာအပေါ် တစ်စုံဟစ်ရာ အကျိုးရှိမရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။
အခုလုပ်ပြီးခဲ့တဲ့ စမ်သပ်မှုနှစ်ခုကို ပြန်သုံးသတ်ကြည့်ရအောင်၊ ပထမ အကြိမ် အနေနဲ့ တူလဇင် မြို့နားက စစ်ဆေးရုံမှာ လူနာတွေကို ဓာတ်ကြမ်းနည်းနဲ့ ကုပေးတယ်၊ လူနာအချို့သက်သာတယ်၊ အချို့မသက်သာဘူး၊ ဒါဆိုဆေးက ကောင်းလားလို့မေးရင် အကျိုးနဲ့အကြောင်းနဲ့ ဆက်စပ်ပြီး ပြောနိုင်ဖို့ခက်တယ်၊ အကျိုးတစ်ခုအတွက် အကြောင်းတွေ တခုထက်မက ရှိနေလို့ပါ။ အကျိုးအကြောင်း ဆက်စပ်ပြီး ပြောနိုင်ဖို့အတွက်က အချက်လက် သစ်တွေလိုအပ်ပါတယ်။ စိန့်ပီတာစဘာခ် စစ်ဆေးရုံက စမ်သပ်မှုမှာ ဓာတ်ကြမ်းနည်းနဲ့လူနာတွေကို ကုပေးနေရင်း တစ်ပြိုင်တည်းအတူ ဘာဆေးမှ မပါတဲ့ ပလာစီဘိုတိုက်ပြီး လူနာတွေကို စောင့်ရှောက်ထားခဲ့ပါတယ်၊ ဒါကြောင့် ဓာတ်ကြမ်းနည်းနဲ့ ကုခံရသူတွေနဲ့ ဘာဆေးမှမပါတဲ့ ပလာစီဘိုနည်းနဲ့ ကုခံရသူတွေရဲ့ ရလဒ်တွေကို တိုက်ရိုက်ယှဥ်ကြည့်လို့ရသွားပြီ၊ ထူးထူးခြားခြား ကွာခြားမှုမရှိဘူးဆိုတဲ့ အချက်လက်သစ်ကိုရလာပါတယ်။ ဒီအချက်ကို အခြေခံပြီး ဓာတ်ကြမ်းနည်းဟာ လူနာတွေ အပေါ် တစ်စုံတစ်ရာ အကျိုးရှိမရှိဘူးဆိုတာ သိရပါတယ်။
ဒီစမ်းသပ်မှုကနေ သိပ္ပံဆိုင်ရာတိုးတက်မှု အချို့ ရခဲ့ပါတယ်။ ပထမ တစ်ခုက အယောင်ဆောင်ဆေး ပလာစီဘို ရဲ့ အကျိုးကျေးဇူးပါ။ လူနာအချို့ဟာ ဆေးမပါတဲ့ ပလာစီဘို သောက်ရင်လဲ နေပြန်ကောင်းသွားတတ်ကြတယ်။ သောက်သူတွေကတော့ ဆေးကြောင့် ပြန်ကောင်းသွားတယ်လို့ ထင်ကောင်းထင်နိုင်ကြပေမဲ့ သူတို့သောက်တဲ့အရာထဲမှာ တကယ်တော့ ဆေးမပါပါဘူး၊ ဆေးမပါပဲ ကောင်းသွားတာမို့ ပလာစီဘို အကျိုးကျေးဇူး လို့ ခေါ်နိုင်ပါတယ်။ ပလာစီဘို ဟာလဲပဲ လူနာတွေအပေါ် ကောင်းကျိုး အနည်းငယ်ပေးနိုင်စွမ်းရှိတာကို ဆေးပညာရှင်တွေ စပြီး သိရပါတယ်။ ပလာစီဘိုမှာ ဘာကြောင့်အဲသလို ကောင်းတဲ့ အစွမ်းအာနိသင် ရှိနေတာလဲ ဆိုတာကိုတော့ ပညာရှင်တွေမသိကြသေးပါ။ ခန္ဓာကိုယ်က သူ့ကိုယ်သူ ပြန်ကုသွားတာမျိုးလား၊ ဆေးကုခံလိုက်ရပြီဆိုတဲ့ အသိစိတ်ကြောင့် (ထိုအသိစိတ်ဟာ မမှန်ဘူးဆိုပေမဲ့လဲ) စိတ်ထဲ အားရှိသွားတာကြောင့်လား၊ စသဖြင့် မေးခွန်းတွေ ထိုအချိန်တုန်းက ရှိနေဆဲပါ။
ဒီစမ်းသပ်မှုကနေရတဲ့ အခြားအသိတစ်ရား နောက်တစ်ခုကတော့ ဆေးတခု အာနိသင်ရှိမရှိသိချင်ရင် ထိုဆေးပေးတာနဲ့ ပလာစီဘို ပေးတာနဲ့ ဘာကွာလဲဆိုတာကို လူနာတွေအများကြီးမှာ စမ်းကြည့်ဖို့ လိုတယ်ဆိုတာပါပဲ။ ဆေးဟာ စစ်တယ် မှန်တယ် ဆိုရင် ပလာစီဘို အကျိုးကျေးဇူး ထက်ပိုပြီး သာဖို့လိုပါတယ်။ ဆေးအစစ် သောက်သူတွေသာလျှင် သိသိသာသာ နေကောင်းလာကြတယ်၊ ပလာစီဘို သောက်သူတွေဆိုရင် အဲသလို မသက်သာလာကြဘူး ဆိုတော့မှ ဆေးကို အာနိသင် တကယ်ရှိကြောင်း လက်ခံနိုင်မယ်။
ဓာတ်ကြမ်းကုနည်းကို ရောဂါနဲ့ တူသောဆေး ဟိုမီအိုပတ်သီ Homeopathy လို့ ဟာနာမန်က နာမည်ပေးခဲ့ပါတယ်၊ တချိန်တည်းမှာပဲ ထိုခေတ်က လူသုံးများတဲ့ ဆေးကုနည်းကိုတော့ သူက ရောဂါနဲ့ ဆန့်ကျင်သောဆေး အာလိုပတ်သီ Allopathy လို့ နာမည်ပေးခဲ့ပါတယ်။ ဆေးဟာရောဂါနဲ့ အတူအလုပ်မလုပ်ပဲ ရောဂါကို တိုက်ဖျက်ရမည်လို့ နားလည်ကြလို့ပါ။ သွေးဖေါက်ထုတ်ပစ်တာမျိုးဟာ အာလိုပတ်သီ Allopathy မှာ လူသုံးများတဲ့ နည်းပါ။ စိန့်ပီတာစဘာခ်က စစ်ဆေးရုံမှာ အခုပြောတဲ့ စမ်းသက်ချက်ကို လူနာဆောင် နှစ်ခုမှာ လုပ်နေပေမဲ့ အခြားသောလူနာဆောင်တွေမှာ တော့ လူနာတွေကို ထိိုခေတ်က အာလိုပတ်သီ ဆေးတွေနဲ့ ဆက်လက် ကုသခဲ့ပါတယ်၊ ထို အာလိုပတ်သီ လူနာဆောင်တွေက လူနာ စာရင်းအရဆို ကုသခဲ့တဲ့ လူနာ ၅၂၁ ယောက်မှာ ၆၀သေတယ်ဆိုပါတယ်။ ဒါကြောင့် ထိုခေတ်က လူသုံးများတဲ့ ဆေးကုနည်း အာလိုပတ်သီ ကလဲ ပလာစီဘို သုံးတဲ့ ဆေးမကုနည်းနဲ့ မကွာလှဘူးဆိုတာကလဲ ထင်ရှားပါတယ်။ ထိုခေတ်ထိုအခါက သုံးနေကျတဲ့ ဆေးကုနည်းအဟောင်း အာလိုပတ်သီ Allopathy ရော နည်းအသစ်ဖြစ်တဲ့ ဟိုမီအိုပတ်သီ Homeopathy ကပါ လူနာတွေအပေါ် ဘာမှ တစ်စုံတစ်ရာ အကျိုးမရှိဘူးဆိုတာကို စိန့်ပီတာစဘာခ်က စစ်ဆေးရုံမှာ လုပ်ခဲ့တဲ့ စမ်းသပ်မှုကနေ သိလိုက်ရပါတယ်။
ဒါတွေထက်ပိုပြီး အရေးကြီးတာတစ်ခုက လူတွေဟာ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ ပညာတတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ စိတ်စေတနာကောင်းသည်ဖြစ်စေ စေတနာမကောင်းသည်ဖြစ်စေ၊ လူတိုင်းလူတိုင်းမှာ ဆန္ဒအစွဲလေးတွေရှိကြတယ်၊ ဆုံးဖြတ်ချက်တိုင်းလိုလိုမှာ ထိုအစွဲတွေဟာ ဝင်ပါနေလေ့ရှိတယ်၊ သိပ္ပံပညာမှာ တိုးတက်မှုကို ရှာဖွေတဲ့အခါမှာ ကိုယ့်စိတ်ထဲက အစွဲတွေထက် အပြင်လောက အထောက်အထား အချက်လက်တွေကို ပိုပြီးအားကိုးဖို့လိုပါတယ်၊ ကိုယ့်အစွဲ ကိုယ့်ဘက်လိုက်မှုကြောင့် အထောက်အထား တွေကို တန်သင့်တဲ့ အလေးမပေးမိတာမျိုး မဖြစ်အောင်ကြိုးစားဖို့လိုတယ်။ ဒါဟာ ပြောရလွယ် လုပ်ရခက်ပါတယ်။ သူပေးတဲ့ဆေးဟာ လူနာအပေါ် ဘာမှအကျိုးမရှိဘူးဆိုတာကို ဆေးဆရာတစ်ယောက်အနေနဲ့ လက်ခံဖို့က မလွယ်ပါဘူး၊ အထူးသဖြင့် ထိုဆေးဟာ ကောင်းတယ်လို့ သူက လက်ခံပြီးနောက်မှာ ထိုဆေးက ထင်သလို မကောင်းဘူးဆိုတာကို လက်ခံဖို့ခက်ပါတယ်။ ဒါဆိုရင် ဆေးဆရာမှာ ငါ့ဆေးကောင်းတယ်လို့ အစွဲဝင်သွားရင် သူ့ယုံကြည်ချက် မမှန်းဘူးဆိုတာကို ဘယ်လို ဖျောင်းဖျပေးနိုင်မလဲ။ ဒီနေရာမှာ ရုရှားကျန်းမာရေးဆရာတွေလုပ်သလို ထိုဆေးဆရာသိတဲ့ အချက်လက်တွေထက် ပိုပြီးပြည့်စုံတဲ့ အချက်လက်တွေကို စုဆောင်းပြီး ချပြရမယ် ဆိုတာပဲ။ ဒေါက်တာ ဟားမန်ဟာ သူ့ဓာတ်ကြမ်းဆေးကို သူဘယ်လောက် အယုံအကြည်ရှိနေပါစေ အချက်လက်တွေပြည့်စုံအောင် ပညာသားပါပါနဲ့ စုဆောင်းလိုက်တဲ့အခါမှာ သူ့ယုံကြည်မှုဟာ အချက်အလက်ကို အခြေခံတာထက် ကိုယ်ပိုင်အစွဲတွေကို အခြေခံတာ ပိုများနေကြောင်း တွေ့နိုင်တယ်။ လိုရာဆွဲတွေးမှုတွေကို အပြင်ကမ္ဘာက စမ်းသပ်မှုကရတဲ့ အချက်လက်တွေနဲ့ ချေပပေးရမယ် ဆိုတာ သိပ္ပံနည်းမှာ အလွန်ဘဲ အရေးပါလာတယ်။
ဓာတ်ကြမ်းဆေးနဲ့ ပလာစီဘို တို့ဟာ လူနာတွေအပေါ် အာဏိသင်ခြင်းတူတယ်ဆိုတာကို အခြားအခြားသော စမ်းသပ်ချက်တွေကလဲ အထောက်အထားတွေ ရရှိလာပေမဲ့ ဓာတ်ကြမ်းကုနည်းဟာ ဂျာမနီနိုင်ငံမှာ လူကြိုက်များဆဲ ရှိခဲ့ပါတယ်။ အထူးသဖြင့် အထက်တန်းအလွှာက လူပုဂ္ဂိုလ်တွေအကြား အတော် ခေတ်စားခဲ့ပါတယ်။ ဒါကို ကြည့်ပြီး စိတ်ပျက်နေရတဲ့သူတွေထဲမှာ နူရင်ဘာ့ခ် မြို့က ထိပ်တန်းကျန်းမာရေး ပညာရှင် ဖရီးဒရစ်ခ် ဖွန်ဟိုဗင် လဲပါတယ်။ ဒါကြောင့် ဓာတ်ကြမ်းဆေးရဲ့ အာနိသင်ကို လူရှေ့သူရှေ့မှာ လက်တွေ့ သာဓကပြဖို့ ဓာတ်ကြမ်းဆေးဆရာတွေကို စိန်ခေါ်တော့ နာမည်ကြီး ဆေးဆရာတစ်ယောက်က သူ့စိန်ခေါ်မှုကို လက်ခံလိုက်ပါတယ်။