ကြယ်တမန်

၁ လီတာ အရွယ် ရေသန့်ဘူး နှစ်ဘူး၊ တစ်ဘူးက ရေအပြည့်ပါတယ်၊ အခြားတစ်ဘူးက အခွံသက်သက်၊ ရေမပါဘူး။ ဒီနှစ်ဘူးကို ခြောက်ထပ်တိုက် အပေါ်ကနေ တပြိုင်တည်း ပြစ်ချလိုက်ရင် ဘယ်ရေဘူးဟာ အရင် မြေကြီးနဲ့ လာထိမလဲ။

ပိုလေးသော အရာဟာ အကျပိုမြန်တယ်၊ ဒါကြောင့် ရေအပြည့်ပါတဲ့ ဘူးက မြေပေါ် အရင် ရောက်မယ် လို့ စာဖတ်သူအချို့က ထင်ကောင်းထင်ကြပါလိမ့်မယ်။ “သိသူများရဲ့ သခင်” ဖြစ်တဲ့ အာရစ်တိုတယ်လ် ကိုယ်တိုင် အဲ့သလိုပဲ ရေးခဲ့ပါတယ်၊ လေးတဲ့အရာဟာ အကျပိုမြန်တယ်တဲ့။ အာရစ်တိုတယ်လ် ရေးပြီး နှစ်ပေါ်င်း ၁၈၀၀ ကျော်လောက် အထိ ခေတ် အဆက်ဆက်က သိပ္ပံပညာရှင်တွေလဲ အာရစ်တိုတယ်လ် ရေးခဲ့သလိုပဲ လက်ခံခဲ့ပါတယ်။ လက်မခံရင်တောင် မှားကြောင်း သက်သေပြဖို့ ကြိုးစားမှုတွေ မယ်မယ်ရရ မရှိခဲ့ပါဘူး။ ပြဿနာက အာရစ်တိုတယ်လ် ရဲ့ ဆင်ခြင်ပုံက လွဲမှားနေပါတယ်၊ တကယ်တော့ ပိုလေးသောအရာဟာ အကျပိုမမြန်ပါဘူး။ ဆရာ့ဆရာကြီးတွေလဲ မှားတတ်ကြတာကိုး။  ဒါကြောင့် အသိပညာ ရှာဖွေရာမှာ ရှေးခေတ်က ကျမ်းတွေကို လေ့လာကြည့်ယုံနဲ့ မရပါဘူး၊ သြဇာကြီးသူတွေရဲ့ ဆုံးမစကား နာယူပေမဲ့လဲ မဖြစ် သေးပါဘူး။ ရှေးစကားတွေလဲ မှားတတ်သလို ထိုအမှားကို ပြင်ဖို့က တစ်ခါခါမှာ နှစ်ပေါင်း ရာနဲ့ ထောင်နဲ့ချီ ကြာတတ်ပါတယ်။

ပိုလေးသောအရာက အကျပိုမြန်သလား ဆိုတဲ့ မေးခွန်းမျိုးဟာ လွယ်တယ်၊ ရှင်းတယ်။ ဒါဆို သာမန်စဉ်းစားဉာဏ်နဲ့  ကိုယ်တိုင် ဆင်ခြင်ပြီး အဖြေမှန်ထုတ်နိုင်မယ်လို့လဲ ထင်စရာပါပဲ။ ဒါပေမဲ့ ကိုယ်ပိုင် စဉ်းစားဉာဏ်နဲ့ ဆင်ခြင်ကြည့်မယ်ဆိုရင် ဒီမေးခွန်းအတွက် အဖြေအမှန် ရဖို့က မလွယ်ပါဘူး၊ မှားယွင်းတဲ့ အဖြေရဖို့ ကပိုလွယ်ပါတယ်။ လူဟာ လှည့်စားမှုကျွမ်းကျင်တဲ့ သတ္တဝါတစ်မျိုးပါ။ သူများကို လှည့်စား တတ်သလို ကိုယ့်ကိုယ်ကို လှည့်စား တတ်ပါတယ်။ ကိုယ်ပိုင် စဉ်းစားဆင်ခြင်မှုကို အသုံးချပြီး ရလာတဲ့ အသိပညာကို မှန်တယ်လို့ မယုံထိုက်သေးပါဘူး။ ကိုယ်ပိုင် ဆင်ခြင်မှုဟာ လှည့်စားမှုတစ်ခု မဟုတ်ဘူးဆိုတာကို ဘယ်လို သိနိုင်မလဲ။ ကိုယ်ပိုင် ဆင်ခြင်မှုဟာ မမှားဘူးလို့ ဘာကို အခြေခံပြီး ပြောနိုင်မလဲ။

လွဲမှားနေတဲ့ ဆင်ခြင်မှုကို စနစ်တကျလုပ်တဲ့ လက်တွေ့ စမ်းသပ်မှုနဲ့ ထောက်ပြနိုင်ကြောင်းကို ၁၈၃၅ ခုနှစ်မှာ  နူရင်ဘာ့ခ်မြို့ မှာလုပ်ခဲ့တဲ့ နှစ်ဖက်မမြင်း စမ်းသပ်မှုက ပြသနိုင်ခဲ့ပါတယ်။ အသိပညာ တိုးတက်မှုအတွက် ခံယူချက်၊ ယူဆချက်တွေအားလုံးကို လက်တွေ့ စမ်းသပ်မှုနဲ့ စစ်ဆေးပြီးမှု လက်ခံသင့်တယ်ဆိုတာကို လူတွေသိရှိကြတာ တစ်ကယ်တော့ သိပ်မကြာသေးပါဘူး။ ရှေးဟောင်းကျမ်းတွေမှာ နက်ရှိုင်းတဲ့ အသိတရားတွေ ပါရှိတယ်လို့ လူ့သမိုင်း တစ်လျှောက်မှာ လူတွေဟာ ထင်ခဲ့ကြပါတယ်။ ရှေးခေတ်က လူပုဂ္ဂိုလ်တွေ ပညာပိုရှိခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါကြောင့် ရှေးကျမ်းတွေကို လေ့လာခြင်းအားဖြင့် အသိပညာသစ်တွေရနိုင်မယ်လို့ မျော်လင့်ခဲ့ကြပါတယ်။​​

ဥပမာ ၁၆ရာစုနှစ် အနာက်တိုင်း နိုင်ငံတွေက တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေမှာ ရှေးခေတ်က ဂရိလူမျိုး ပညာရှင်တွေရဲ့ သြဇာလွမ်းမိုးမှု အတော်များများရှိပါတယ်။ သင်္ချာ၊  ဆေးပညာ၊ နိုင်ငံရေး၊ စာပေ အနုပညာ စသည်ဖြင် ဘာသာရပ်တိုင်းလိုလိုမှာ ဂရိဆရာတွေ ရေးခဲ့တဲ့ ကျမ်းတွေကိုသာ အဓိကထား လေ့လာကြရပါတယ်။ အထူးသဖြင့် အာရစ်တိုတယ်လ်ရဲ့ သြဇာဟာ အနာက်တိုင်ပညာရှင်တွေအပေါ် အတော်ပဲ လွှမ်းမိုးခဲ့ပါတယ်။ သူ့သြဇာအရှိန်အဝါကြီးလွန်းတာမို့ သူ့ကို နာမည်နဲ့မခေါ်တော့ပဲ သိသူများရဲ့သခင် လို့ အီတာလီ စာရေးဆရာကြီး ဒါန်တေက အမွန်းတင်ခဲ့တာပါ။

အင်္ဂလိပ်စကားမှာ အမှန်တရားရှာဖွေတဲ့ အလုပ်ကို research လုပ်တယ်လို့ခေါ်ကြတယ်၊ ရှာဖွေတယ် search လို့မခေါ်ဘူး၊ ပြန်လည်ရှာဖွေတယ် research လို့ခေါ်ပါတယ်၊ ဘာကြောင့် ပြန်လည်ရှာဖွေရတာလဲ ဆိုတော့ ထိုအမှန်တရားတွေဟာ အရင်က သိထားပြီးသားတွေပါ၊ သိထားပြီးသားတွေ မေ့ပျောက်သွားလို့ ပြန်လည်ရှိဖွေခြင်းလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။

ဘာကြောင့် ရှေးဟောင်း စာအုပ်စာတမ်းကို သင်ရတာလဲဆိုတော့ ထိုအချိန်မှာ အနောက်နိုင်ငံတွေမှာရှိတဲ့ သိပ္ပံအသိပညာဟာ ရှေးခတ်က ဂရိလူမျိုးတွေမှာ ရှိခဲ့တဲ့ သိပ္ပံအသိပညာ အဆင့်တောင်မရောက် သေးဘူးလို့ ဆိုနိုင်ပါတယ်။ သူတို့နဲ့ခေတ်ပြိုင် တရုတ်၊​ အိန္ဒိယ၊ အာရပ် စတဲ့ ယဥ်ကျေးမှုတွေဟာလဲ အနောက်တိုင်းထက် ရှေ့ရောက်နေခဲ့ပါတယ်။ အဲ့သလို သိပ္ပံဆိုင်ရာ တိုးတက်မှု နောက်ကျနေတဲ့ အနောက်တိုင်းနိုင်ငံတွေဟာ  နှစ်ပေါင်း ၂၀၀ လောက်အတွင်းမှာ သိပ္ပံပညာရဲ့ ဗဟိုနေရာ တစ်ခုဖြစ်သွားတယ်။ အနောက်နိုင်ငံတွေမှာ အထိက အခြေစိုက်တဲ့ သိပ္ပံပညာဟာ ကျန်တဲ့ ယဥ်ကျေးမှုတွေမှာရှိတဲ့ သိပ္ပံတိုးတက်မှုတွေကို ပြတ်ပြတ်သားသား ကျော်တက်သွားပါတော့တယ်။ ဘာကြောင့် အဲသလို ဖြစ်သွားရတာလဲဆိုတာကို တိတိကျကျ ဖြေရခက်ပေမဲ့ အနောက်တိုင်း သိိပ္ပံပညာ ရှာဖွေတဲ့ နည်းတွေမှာ ထူးခြားချက်တွေရှိတာကို သတိထားကြည့်သင့်ပါတယ်။ ထို ထူးခြားချက်တွေကို လူပုဂ္ဂိုလ်တစ်ဦးအဖြင့် တင်စားကြည့်ရင် ဘယ်သူဖြစ်နိုင်လဲ။ ဖြစ်နိုင်သူ အများကြီးရှိနိုင်ပါတယ်။ စာရေးသူကတော့ ဂယ်လီလီရို ကိုရွေးပါတယ်။ 

သိပ္ပံပညာရှင် ဂယ်လီလီရို ကို အီတလီနိုင်ငံ ပီစာမြို့မှာ ၁၅၆၄ ခုနှစ် ဖေဖဝါရီလ ၁၅ ရက်နေ့ မှာမွေးပါတယ်၊ သူ့မိဘတွေဟာ ဂီတပညာရှင်တွေပါ၊ ပညာရေး လိုက်စားကြပါတယ်၊ ဒါပေမဲ့ မချမ်းသာကြပါဘူး။ ဂယ်လီလီရို ငယ်စဥ်အခါတည်းက ဂီတပညာ ဝါသနာပါခဲ့ပါတယ်။  သူငယ်ငယ်က ခရိယန် ဘုန်းကြီးလုပ်မယ်လို့ပြောတာ့ သူအဖေက သဘောမတူလို့ မလုပ်ဖြစ်ပါဘူး။ မိဘတွေက ဆရာဝန်လုပ်စေချင်လို့ ဆေးကျောင်းတက်ခိုင်းတော့လဲ သူက မကြိုက်ပြန်ပါဘူး၊ လူတကာနဲ့ အငြင်းအခုံလုပ်သူ လို့သာ နာမည်ရခဲ့ပါတယ်။ သူစိတ်ဝင်စားတာက သင်္ချာဘာသာရပ်ပါ။ ဒါပေမဲ့ သူကျွမ်းကျင်တာကတော့ သင်္ချာဘာသာ တစ်ခုသာမဟုတ်ပါ၊ သူဟာ ဟိုစစ ဒီစစနဲ့ နယ်ပယ်အစုံကို လေ့လာခဲ့ပါတယ်။ ဂယ်လီလီရို ရဲ့ သိပ္ပံ လုပ်နည်းလုပ်ရပ်မှာ ၃ ခုဟာ အရေးကြီးပါတယ်။ ထိုနည်းတွေကို အခြေခံတဲ့ အနာက်တိုင် သိပ္ပံပညာဟာ အခြားသောနိုင်ငံတွေထက် မကြာခင်မှာ ရှေ့ရောက်သွားတယ်ဆိုချင်ပါတယ်။

ပထမအချက် အနေနဲ့ ဂယ်လီလီရို ဟာ ဆရာကြီး ဆရာမကြီး တွေရေးတဲ့ စာကို ဖတ်တိုင်းမယုံကြည်ခဲ့ပါဘူး။​ လေးတဲ့အရာဟာ အကျပိုမြန်တယ် ဆိုပြီး အာရစ်တိုတယ်လ် ရေးခဲ့တာကို သူက ဟုတ်ကောဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ပါတယ်၊ ပြီးတော့ မှန်တယ်မမှန်ဘူး ဆိုတာကို စကားနဲ့တင် အငြင်းအခုံ လုပ်တာမျိုးမဟုတ်ပဲ သူဟာ လက်တွေ့မှာ သက်သေပြနိုင်ဖို့ အားထုတ်ပါတယ်။​ သူနေတဲ့ ပီစာမြို့မှာ ယိုင်နေတဲ့ မျှော်စင်တခုရှိပါတယ်၊ ပေ ၁၉၀ လောက် မြင့်ပါတယ်။ ထိုမျှော်စင်ပေါ်ကနေ အလေးချိန်မတူတဲ့ လုံးသောအရာနှစ်ခုကို သူက ကျောင်းသားတွေအရှေ့မှာ တပြိုင်တည်း ပစ်ချ ပြတယ်ဆိုပါတယ်။ အကြိမ်ကြိမ်ပစ်ချလဲ အလေးမတူတဲ့ အရာနှစ်ခုဟာ တချိန်တည်း မြေကို လာထိတာကို တွေ့ရတယ် ဆိုပါတယ်။ ဒါကြောင့်   အာရစ်တိုတယ်လ် ရဲ့ ဆင်ခြင်ပုံက မှားနေကြောင်းကို သူက လက်တွေ့မှာ သက်သေပြနိုင်ပါတယ်။ တကယ်တော့ အရာရာတိုင်းမှာ ကမ္ဘာမြေရဲ့ ဆွဲအားဟာ အတူတူပါပဲ။ အချို့သောအရာတွေက အကျနှေးတာဟာ ထိုအရာရဲ့ အလေးချိန်ကြောင့်မဟုတ်၊ ထိုအရာကို လေထုက ပို၌ပင့်ထားနိုင်တာကြောင့် ဖြစ်ပါတယ်။ ငှက်အတောင်လို အရာမျိုးက အကျနှေးတာ ပေါ့လို့မဟုတ်၊ သူ့ပုံသဏ္ဍာန်က လေထုရဲ့ ပင့်အားကို ပိုယူထားလို့ဖြစ်ပါတယ်။ အကယ်၌သာ လေထုမရှိရင် ဘယ်လောက်ပဲလေးသည်ဖြစ်စေ အရာရာတိုင် တစ်ချိန်တည်းကျကြမှာဖြစ်တယ်။ ဒါကို လက်တွေ့ပြဖို့ အာကာသယဥ်မှုး ဒေးဗစ် စကော့တ် က လ ပေါ်မှာ တူ တစ်ချောင်း ငှက်အတောင်တစ်ခု ကို ပစ်ပြခဲ့ပါတယ်။

အဲ့သလို ကမ္ဘာမြေရဲ့ ဆွဲငင်အားနဲ့ ပတ်သတ်ပြီး ဂယ်လီလီရို ဟာ စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဥပမာ အချိန်ကို တိတိကျကျ တိုင်ထွာနိုင်တဲ့ နာရီရယ်လို မရှိတဲ့ခေတ်၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာမရှိတဲ့ခေတ်မှာ မြေပေါ်ကျလာတဲ့ အရာတခုရဲ့ အရှိန်တိုးနှုန်းကို သူက တိတိကျကျ တိုင်းထွားနိုင်ခဲ့ပါတယ်။ ရွှေ တစ်ကီလိုနဲ့ ငွေတစ်ကီလို ဟာ လေထဲမှာချိန်ရင် အလေးချိန်တူပေမဲ့ ရေထဲမှာ ချိန်ရင် ရွှေ တစ်ကီလိုက ပို၍လေးပါတယ်။ ဒီအချက်ကို အခြေခံပြီး ရွှေနဲ့ငွေရောထားရင် ဘယ်အချိုးအစားနဲ့ ရောထားကြောင်း တိတိကျကသူက တိုင်းထွာနိုင်ခဲ့ပါတယ်။ ဂယ်လီလီရိုရဲ့ အားထုတ်မှုကြောင့် သိပ္ပံပညာမှာ လက်တွေ့စမ်းသပ်မှုဟာ ပင်မကျတယ်ဆိုတာကို သိရှိ ကြရပါတယ်။ လက်တွေ့စမ်းသပ်မှုဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို အနောက်တိုင်း သိပ္ပံပညာရှင်တွေ လက်ခံလိုက်ပါတယ်။ အခုခေတ်လူငယ်ကျောင်းသား ကျောင်းသူတွေ ကျောင်းမှာသင်ယူရတဲ့ နယူတန်ရဲ့ နိယာမတွေဟာ ဂယ်လီလီရို ရဲ့ စမ်းသက်ချက်တွေအပေါ် အခြေခံထားပါတယ်။

ဒုတိယအချက်အနေနဲ့ သူဟာ ရုပ်လောကကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ဖို့ နည်းအသစ်တွေ ကိရိယာ အသစ်တွေကိုယ်ပိုင်ထွင်ခဲ့ပါတယ်။ ၁၅၀၀ ခုနှစ်လောက်မှာ အနောက်တိုင်းနိုင်ငံတွေမှာ ဖန်ထည်မှန်ထည် လုပ်ငန်းတွေဟာ အတော်လေး အဆင့်မြင့်နေပါပြီ၊ ဖန်ထည်တွေကို လိုသလို ပုံသွင်းနိုင်ဖို့ အသိပညာ အတတ်ပညာတွေ စရှိပါပြီ။ မှန်ထည်ကို တိတိကျကျနဲ့ ခုံးနေအောင် ပုံသွင်းနိုင်ရင် အဝေးကြည့် မှန်ဘီလူး လုပ်နိုင်ကြောင်း သူကြားသိရပြီး သူကိုယ်တိုင် အဝေးကြည့်မှန်ပြောင်းတွေ တီထွင်ခဲ့ပါတယ်။ သူထွင်ခဲ့တဲ့မှန်ပြောင်းတွေထဲက အကောင်းဆုံး မှန်ပြောင်းနဲ့ ကောင်းကင်ကို ကြည့်လိုက်တဲ့အခါ ဘယ်သူမှ မမျော်လင့်ထားခဲ့တဲ့ အရာတွေကို သူမြင်လိုက်ရပါတယ်။  ကမ္ဘာပေါ်မှာသာ ‘လ’ ရှိတာမဟုတ်၊ အခြား ဂြိုလ်တွေမှာလဲ ‘လ’ ရှိကြတယ်။ အချို့  ဂြိုလ်တွေမှာဆို ‘လ’ ပေါင်းများစွာ ရှိတယ်ဆိုတာကို သူမျက်မြင်တွေ့လိုက်ရပါတယ်။ စကြဝဠာထဲမှာ အရာရာတိုင်းဟာ ကမ္ဘာကို ဗဟိုထားပြီး လည်ပတ်ကြတာ မဟုတ်ဘူးဆိုတာကို မငြင်းနိုင်တဲ့ အထောက်အထား သူဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ သူရေးတဲ့စာ အုပ်ကို ‘ကြယ်တမန်’ လို့ ခေါ်င်းစဥ်တပ်ခဲ့ပါတယ်။

ဒါကြောင့် သိပ္ပံပညာရှာဖွေရာမှာ မျက်စေ့၊ နားစတဲ့ အာရုံခံ ကိုယ်အင်္ဂါကိုသာ အားကိုးလို့မရနိုင်ဘူး၊ လူတွေမှာရှိတဲ့ အာရုံခံ အင်္ဂါတွေနဲ့သာဆို မသိနိုင်တဲ့ အရာတွေ အများကြီးရှိတယ်၊ ထိုအရာတွေကို သိနိုင်ဖို့အတွက် တိုင်းထွာနိုင်တဲ့ ကိရိယာတွေ နည်းသစ်တွေ လိုအပ်တယ်လို့ သူက ဖေါ်ထုတ်နိုင်ခဲ့တယ်။ အဲဒီ လမ်းကြောင်းအတိုင်း ဆက်ပြီး စဥ်းစားတဲ့အခါ မေးခွန်းတွေထွက်လာတယ်။ မျက်စေ့နည့် မမြင်နိုင်အောင် သေးတဲ့အရာတွေဘာရှိလဲ။ ဟိုးအဝေးကြီးက လာတဲ့အသံကို ကြည်ကြည်လင်လင် ဘယ်လို ကြားနိုင်မလဲ။ ဒီကအသံကို အဝေးကြီးရောက်အောင် ဘယ်လို ပို့ပေးနိုင်မလဲ။ ဒီလိုမေးခွန်းမျိုးဟာ အလဟဿ မေးခွန်းတွေပါလို့ ထင်စရာရှိပေမဲ့ အခုခေတ်သုံးနေကြတဲ့ တယ်လီဖုန်းတို့၊ တီဗီတို့ စတာတွေဟာ ထိုမေးခွန်းတွေကို အချိန်ပေး အဖြေထုတ်ခဲ့သူတွေရဲ့ ကျေးဇူးသာဖြစ်တယ်။ 

လူရဲ့ အာရုံခံ အင်္ဂါတွေနဲ့ မသိနိုင်ဘူးလို့ ဆိုတော့ သူက ‘ရုပ်အလွန်’ လို့ မလုပ်ချလိုက်တာကို သတိထားပါ။ ဖုန်းတာဝါတိုင်ကလာတဲ့ လှိုင်းဟာ ရုပ် မရှိပါဘူး၊ လူတွေ  အာရုံနဲ့ ဘယ်လိုမှ မခံစားနိုင်တဲ့ အရာပါ။ ထိုအရာရှိတာ မှန်သလိုပဲ ထိုအရာကို လိုသလို ဖန်တီးယူလိုရတာလဲ အမှန်ပါပဲ။ ‘ရုပ်အလွန်’ ဆိုတာကို အရေးမထားပဲ ရုပ် လောကကိုသာ တစ်စိုက်မတ်မတ် လေ့လာဖို့ သူက လမ်းပြခဲ့ပါတယ်။ ဒီလမ်းလိုက်ခဲ့သူတွေရဲ့ အောင်မြင်မှုဟာ ယနေ့ခေတ် သိပ္ပံနဲ့ နည်းပညာတွေသာ ဖြစ်ပါတယ်။

တတိယအချက်အနေနဲ့ ဂယ်လီလီရို ဟာ အာဏာပိုင် ဆိုသူ တွေကို ပုန်ကန်ခဲ့ပါတယ်။ သူပုန်ကန်တာက ရှေးခေတ်က ပညာရှင်တွေသာမဟုတ်ပါဘူး၊ ခေတ်ပြိုင်ပညာရှင်တွေထဲမှာလဲ လက်တွေ့ စမ်းသပ်မှုကို ပထာဏ မထားသူတွေကို သူက ဝေဖန်တယ်။ ကမ္ဘာသာ ဗဟို လို့ မိန့်တဲ့ ပုတ်ရဟန်းမင်းကြီးနဲ့လဲ ပြဿနာတက်ခဲ့ပါတယ်။ ဒါပေမဲ့ သူက မမှုခဲ့ပါဘူး။ သိပ္ပံပညာ အတွက် အသက်ပေးမယ် ဆိုတာမျိုးမဟုတ်ပေမဲ့ သူ့ရဲ့ စမ်းသပ်မှု တွေ့ရှိချက်တွေကို ရဲရဲကြီး ထုတ်ဖေါ်ခဲ့ပါတယ်။ 

အာဏာပိုင်ဆိုသူတွေကို ဂရုမစိုက်ပဲ ရုပ်လောကကို နည်းကိရိယာ အသစ်တွေနဲ့ စမ်းသပ်လေ့လာရမယ် ဆိုတာ ဂယ်လီလီရိုရဲ့ ဘဝသင်ခန်းစာပါပဲ။ အနောက်တိုင်းနိုင်ငံတွေမှာ သိပ္ပံပညာ ထွန်းကားလာတာ ထိုသင်ခန်းစာကြောင့်လို့ ဆိုနိုင်ပါတယ်။

Leave a comment