နတ်ပြည်က ပို့လိုက်တဲ့ စာလုံးများ

ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ရောက်ရင် မြန်မာပြည်က အညာဒေသတွေမှာ ဖုန်ထူတာ မထူးစမ်းပါဘူး။ အဲသလိုပဲ အမေရိကန်နိုင်ငံ မြောက်ပိုင်းက ဗာမော့ပြည်နယ်မှာ ဆောင်းရာသီ အေးတဲ့ကာလတွေမှာ နှင်းထူထူကျတာဟာ မထူးစမ်းပါဘူး။ ကျတဲ့ နှင်း ပမာဏကလဲ မနည်းပါဘူး၊ ဆောင်းတွင်း တစ်ခုလုံးမှာ ကျတဲ့ နှင်း ထုထည်ဟာ ပျမ်းမျှအားဖြင့် အမြင့် ၄ ပေ ကနေ ၁၀ ပေလောက် အထိ ထူပါတယ်။ ထိုဒေသမှာနေထိုင်သူတွေ အတွက်က နှင်းဆိုတာ နှစ်တိုင်း ကြုံတွေ့ရတဲ့ အရာပါ၊ သူနဲ့ သဟဇာတဖြစ်အောင် နေထိုင်ရမဲ့ အရာတစ်ခုပါ။ မိုးလေဝသဟာ အစိုးမရတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။

နွေရာသီမှာ တစ်ထောင်းထောင်းထတဲ့ ဖုန်မှုန့်လေးတွေကို အညာဒေသက လူငယ်တစ်ယောက်က လေ့လာချင်ပါတယ်လို့ဆိုရင် သူ့မိဘတွေ ဘာများပြောလေမလဲ၊ သူ့ ပတ်ဝန်းကျင်က လူတွေ ဘယ်လို ထင်ကြလေမလဲ။ “ဒီကောင်လေး နောက်စရာ ပြောင်စရာ ပြောနေတာ” လို့ ထင်ကောင်းထင်ကြမှာပါ။ ဒါကြောင့် ၁၈၈၀ ခုနှစ် ဝန်းကျင်လောက်မှာ ဗာမော့ပြည်နည်က တောသားလေး တစ်ယောက်ဟာ ဆောင်းတွင်းမှာ တဖွဲဖွဲ ကျတဲ့နှင်းကို လေ့လာချင်တယ် လို့ပြောတဲ့အခါ သူ့မိဘတွေ ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေ ဘယ်လို တုံ့ပြန်ကြမလဲ စိတ်ကူးကြည့်နိုင်ပါတယ်။ နှင်းကျပြီဆို သွေးခဲမတတ် အေးတာမို့ လူတိုင်းလိုလို အိမ်ထဲမှာ နေပြီး မီးစာလှုံချင်နေကြတဲ့ အချိန်မှာ သူက ဘာကြောင့်များ ရေခဲတောထဲ ထွက်ချင်ရတာလဲ။ နှင်းတွေ တဖွဲဖွဲကျတဲ့အခါ လယ်ယာအလုပ်လုပ်သူတွေ အလုပ်မလုပ်နိုင်လို့ အနားယူနေကြတဲ့ အချိန်မှာ သူက ဘာကြောင့် ငြိမ်ငြိမ်မနေပဲ အလုပ်မရှိ အလုပ်ရှာချင်ရတာလဲ။ သူငယ်ငယ်လေး ကတည်းက သူ့ စိတ်အာရုံကို တကယ် ဆွဲဆောင်ခဲ့တာက နှင်းပါပဲတဲ့။

ဝီလဆင် အယ်လဝင် ဘင့်တလေ ကို ၁၈၆၅ခု ဖေဖဝါရီလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ ဗာမော့ပြည်နယ်မှာ မွေးပါတယ်၊ မိဘတွေက လယ်အလုပ်လုပ်သူတွေပါ။ သူ့ကို ကျောင်းမပို့ပဲ သူ့အမေက အိမ်မှာပဲ စာသင်ပေးခဲ့ပါတယ်။ သူက ငယ်ငယ်လေးကတည်းက သဘာဝ အပင်တွေ အကောင်တွေ ကို စိတ်ဝင်စားခဲ့တယ်ဆိုပါတယ်၊ မိုးလေဝသ အခြေနေတွေကိုလဲ နေ့တိုင်းလိုလို မှတ်တမ်းရေးခဲ့ပါတယ်။ အဲ၊ သူစိတ် အဝင်စားဆုံးသော အရာကတော့ နှင်းပါ၊ အထူးသဖြင့် နှင်းပွင့်လေးတွေရဲ့ ပုံသဏ္ဍာန် ကိုသူက အရမ်းသိချင်တယ်။ သူ အသက်အရွယ် ၁၅ နှစ်လောက်မှာ သူ့အမေက သူကို မိုင်ခရိုစကုပ် ခေါ် အဏုကြည့်မှန် တစ်ခု မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးခဲ့ပါတယ်။ နှင်းပွင့်လေးတွေကို မိုင်ခရိုစကုပ် နဲ့ အနီးကပ် ကြည့်လိုက်တဲ့အခါမှာ သူနဲ့ နှင်းပွင့်လေးတွေရဲ့ တစ်သတ်တာ အချစ်ဇတ်လမ်း စတင်ပါတော့တယ်။

နှင်းပွင့်ကလေးတွေဟာ လှတယ်၊ ဒါပေမဲ့ ဇီဇာကြောင်လွန်းတဲ့ သမီးရီးစားမျိုးပါ။ သာမန် မျက်စေ့နဲ့ မမြင်နိုင်အောင် သေးပြီး အလွန်ပဲ နူးညံ့ လွန်းပါတယ်၊ နည်းနည်းလေးမှလဲ အထိမခံပါဘူး။ အိမ်ထဲယူသွားရင် အိမ်အပူချိန်ကြောင့် ခဏလေးနဲ့ အရည်ပျော်သွားပါတယ်၊ လက်ပေါ်တင်ထားရင်တောင် ကိုယ်အပူချိန်ကြောင့် အရည်ပျော်သွားပါတယ်။ နှင်းကျတဲ့အခါမှာလဲ တပွင့်စီ ကို ဖမ်းဖို့က မလွယ်ပါ၊ အစုလိုက်တွဲကျတဲ့အခါ ခွဲဖို့ကြိုးစားရင် ပုံပျက်သွားလေ့ရှိပါတယ်။ အခက်မသင့်ရင် လေထဲလွင့်ပျံသွားပါတယ်။ စိတ်ကောက်လွယ်တဲ့ နှင်းနဲ့ မိတ်ဖွဲ့ဖို့က တကယ်တော့ မလွယ်တဲ့ အရေးတစ်ခုပါ။

နှင်းပွင့်လေးတွေကို အသေးစိတ်မြင်ချင်တဲ့ ဘင့်တလေ ဟာ နှင်းကျတဲ့အခါမှာ မိုင်ခရိုစကုပ် ကို နှင်းတောထဲ ယူသွားပြီး အသင့်ပြင်ထားရပါတယ်။ ပြီးရင် သူကြည့်ချင်တဲ့ နှင်းပွင့်တခုစီကို ယုယုရရ ဖမ်းယူပါတယ်။ ပြီး မှ မိုင်ခရိုစကုပ် အောက်မှာထားကြည့်ရပါတယ်။ အဲသလိုနဲ့ အလွန်လှပတဲ့ နှင်း ပုံသဏ္ဍာန် တွေကို သူ စတင် မြင်ခွင့်ရပါတယ်။ တစ်ခါခါမှာ သူမြင်ရတဲ့ နှင်းပုံတွေကို ကြိုက်လွန်းလို့ ပုံဆွဲထားဖို့ ကြိုးစားပါတယ်။ ဒါကတော့ မဖြစ်နိုင်ပါဘူး။ နှင်းတောထဲ ခဏလေးထွက်နေတာနဲ့ လက်ဖျားတွေ ချက်ချင်းအေးစိမ့်ပြီး စထုံလာမယ်၊ မကြာခင်မှာ လက်ချောင်းထဲက အကြောတွေ တောင့်ပြီး ကောင်းကောင်း မရွှေ့လျားနိုင်တော့ပါဘူး။ မအေးအောင် လက်အိပ်ဝတ်ထားရင် ခဲတံလို အရာတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါဘူး။ အဲ့သလို အခြေအနေမှာ ပုံဆွဲဖို့ကတော့ အတော်လေးမလွယ်ပါဘူး။

ဒါပေမဲ့ ဘင့်တလေ ဟာ အလျော့မပေးပါဘူး။ ပုံဆွဲဖို့ အဆင်မပြေတော့ အခြားနည်းတစ်ခု ရှာကြံပါတယ်။ သူ့အိမ်မှာရှိတဲ့ ကင်မရာကြီးတစ်ခုကို မိုင်ခရိုစကုပ် တေ့ပြီးဆက်ထားလိုက်ပါတယ်၊ မိုင်ခရိုစကုပ်ရဲ့ မြင်ကွင်းက ကင်မရာရဲ့ မြင်ကွင်းနဲ့ ဆက်သွားအောင်ပါ။ ထိုခေတ်က ကင်မရာတွေဟာ ဓာတ်ပုံရိုက်ရင် ရွက်ရှင် လို့ခေါ်တဲ့ အလင်းဝင်ပေါက်ကို တစ်မိနစ်ကျော်ကျော် ဖွင့်ထားပေးရပါတယ်။ ထိုအချိန်အတောအတွင်းမှာ နှင်းကို မလှုပ်အောင်၊ အရည်မပျော်အောင် ထိန်းထားဖို့လိုပါတယ်။ လေတိုးရင်၊ အသက်ရှုပြင်းသွားရင်တောင် နှင်းပွင့်က လွင့်ထွက်သွားနိုင်တယ်။ ဖြူတဲ့ နှင်းပွင့်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ နောက်ခံ မဲမဲ လိုပါတယ်၊ သူက ကျောက်သင်ပုန်း အစလေးတွေကို ယူသုံးပါတယ်။ နည်းအမျိုးမျိုးနဲ့ ကြိုးစားရင် ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သူဟာ ပထမဆုံး နှင်းပုံတစ်ပုံကို အောင်အောင်မြင်မြင် ရိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ ပထဆုံးသော နှင်းဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံလဲရရော သူ့မှာ ပျော်လွန်းလို့ ထိုင်ခုံပေါ်က ပြုတ်ကျမတတ်ပါပဲတဲ့၊ ပုံကိုလဲ ကြိုက်လွန်းလို့ ဒူးထောက်ပြီး ရှိခိုးချင်တယ်လို့ ဘင့်တလေက ဆိုပါတယ်။

ဝီလဆင် အယ်လဝင် ဘင့်တလေ

ထိုအချိန်က စပြီး ဆောင်းရာသီရောက်တိုင်း သူစိတ်ကြိုက် နှင်းပွင့်လေးတွေကို နှင်းတောထဲ လိုက်ရှာပြီး ဓာတ်ပုံရိုက်တာ ဓာတ်ပုံပေါင်း ၅၀၀၀ ကျော်ကျော်ရပါတယ်။ ကုန်ကျစရိတ် သူပဲ ခံရပါတယ်။ တခါခါမှာ ရွှေပန်းထိမ် လုပ်သူတွေဟာ လှတဲ့ နှင်းပွင့်ပုံတွေ သူ့ဆီက ဝယ်ပါတယ်၊ လက်ဝတ်ရတနာ လုပ်တဲ့အခါမှာ ပုံတူယူချင်ကြလို့ပါ။

ဘင့်တလေ ရိုက်ခဲ့ နှင်းပွင့်ပုံ တစ်ပုံ

ဘင့်တလေ ဟာ တက္ကသိုလ်တွေဘာတွေ ရောက်ဖူးတဲ့ ပညာတတ်မျိုးမဟုတ်ပါ၊ သိပ္ပံပညာရှင်လို့လဲ မခေါ်နိုင်ပါဘူး။ သူဟာ သူဝါသနာပါတဲ့ အလုပ်တစ်ခုကို ဇွဲလုံ့လနဲ့လုပ်ကိုင်တဲ့သူပါ။ သိပ္ပံပညာတိုးတက်ဖို့အတွက် ဆိုနိုင်သလို အလှတရားကို ခံစားချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ နှင်းပွင့်တွေ ထောင်ပေါင်းများစွာကို လေ့လာကြည့်တဲ့ခါမှာ နှင်းပွင့်အများစုဟာ ထောင့် ၆ ခု ပါတဲ့ ဆဋ္ဌဂံ ပုံသဏ္ဍာန်တွေ ဖြစ်တာ၊ နောက်ပြီး နှင်းပွင့်တွေဟာ တစ်ပွင့်နဲ့တစ်ပွင့် ပုံသဏ္ဍာန် မတူတာကို သူသိရပါတယ်။ ဒါကြောင့် မရေတွက်နိုင်အောင်များတဲ့ နှင်းပွင့်တွေထဲမှာ လုံးဝ ဆင်တူတဲ့ နှင်းပွင့် နှစ်ပွင့်ရယ်လို့ မရှိဘူးလို့ သူက ကြေငြာခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မပြိုင်ဆိုင်ပဲ အတုမရှိ လှနေကြတဲ့ နှင်းပွင့်လေးတွေပါ။

သူလုပ်တဲ့ အလုပ်မှာ သဘာဝအလှကို ဖေါ်ထုတ်တဲ့သဘော၊ အနုပညာခံစားမှုသဘောတွေ အများကြီးပါနေပေမဲ့ သူ့အလုပ်ဟာ သိပ္ပံပညာအတွက် တန်ဖိုးရှိလှပါတယ်။ သီပေါမင်း ပါတော်မူတဲ့ ခေတ်က နည်းပညာတွေ ကိရိယာတွေကို သုံးခဲ့ပေမဲ့ သူ့ပုံတွေကောင်းလွန်းလို့ သိပ္ပံပညာရှင်တွေ သူပုံကိုပဲ လေ့လာခဲ့ကြပါတယ်။ သူထက်ကောင်းအောင် ဓာတ်ပုံရိုက်နိုင်ဖို့ နှစ်ပေါ်င်း ၆၀ လောက် စောင့်ခဲ့ရပါတယ် ဆိုပါတယ်။ သူဟာ ပရောဖက်ဆာ ဘင့်တလေ မဖြစ်ခဲ့ပေမဲ့ သူ့ ကို နှင်းပွင့် ဘင့်တလေ လို့ ကင်ပွန်းတပ်ခြင်းခံခဲ့ရပါတယ်။

ဘင့်တလေရဲ့ ပုံအချို့

၁၉၃၁ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ သူ့ ဒိုင်ယာရီစာအုပ်ထဲမှာ မိုးလေဝသ မှတ်တမ်းရေးပါတယ်၊ “ညနေ မြောက်လေအေးတယ်၊ နှင်းတွေပျံဝဲနေတယ်”။ အဲသလို ရေးပြီး မကြာခင် တစ်ရက် နှင်းကျချိန်မှာ သူအပြင်ထွက်လမ်းလျှောက်ပါတယ်။ အဲ့သလိုနဲ့ နယူမိုးနီးယားမိပြီး ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပါပြီ။ သူမကွယ်လွန်ခင်မှာ သူရိုက်ခဲ့တဲ့ ဓာတ်ပုံအချို့ကို စုပြီး စာအုပ်ထုတ်ခဲ့ပါတယ်။ ဓာတ်ပုံမူရင်းတွေကို ပြတိုက်တစ်ခုကို လှူခဲ့ပါတယ်။

ဘင့်တလေ ကွယ်လွန်တဲ့ နှစ် ၁၉၃၁ခုနှစ် မှာပဲ သူထုတ်ခဲ့တဲ့ နှင်းဓာတ်ပုံစာအုပ်ကိုဂျပန်နိုင်ငံက သိပ္ပံပညာရှင်တစ်ယောက်ဟာ ဖတ်မိပါတယ်။ ထိုပညာရှင်ကတော့ ဂျပန်နိုင်ငံ မြောက်ဖက်အစွန်ပိုင်း ဟိုကိုင်းဒိုမြို့က တက္ကသိုလ်မှာ လက်ထောက် ပါမောက္ခရာထူး ပူပူနွေးနွေး ခန့်ထားရသူပါ။ ဒေါက်တာ နာကေးရ ဟာ ရာထူအသစ်ရပြီးနောက် ဘာအကြောင်းအရာကို သူတေသနလုပ်ရင်ကောင်းမလဲ စဥ်းစားနေတုန်း ဘင့်တလေရဲ့ စာအုပ်ကို ကိုင်မိတာပါ။ သူရောက်လာတဲ့ တက္ကသိုလ်ကလဲ သူ့ သုတေသန လုပ်ငန်းအတွက် ငွေကြေးကိရိယာအားဖြင့် အများကြီးမထောက်ပံ့နိုင်တော့ သူလဲပဲ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်ပါ။ ဟိုကိုင်းဒို တက္ကသိုလ်မှာ ငွေကြေးဥစ္စာ ချို့တဲ့ပေမဲ့ ဖောဖောသီသီ ရှိတာတော့ တစ်ခုရှိပါတယ်၊ နှင်းပါ။ ထိုမြို့မှာ နှင်းအရမ်းကျလေ့ရှိပါတယ်။ သူဟာ ရူပဗေဒနဲ့ ပါရဂူဘွဲ့ ပေမဲ့ နှင်းကိုပဲ သုတေသနလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒေါက်တာ နာကေးရ ဟာလဲ  နှင်းပွင့် ဘင့်တလေ လိုပဲ နှင်းနဲ့ ပတ်သတ်လို့ ငယ်ဇတ်လမ်း တစ်ခု ရှိခဲ့ပါတယ်။ ဒေါက်တာ နာကေးရ ရဲ့ ငယ်နာမည်က ယူခီချိရို နာကေးရ ပါ။ သူ့ကို ၁၉၀၀ခုနှစ် ဇူလိုင် ၄ရက်နေ့မှာ ကာဂ မြို့နားမှာ မွေးပါတယ်။​ ထိုဒေသမှာ ရေပူစမ်းတွေ ပေါ်တယ်လို့ နာမည်ကြီးပါတယ်။ အခြားနာမည်ကြီးတာ တစ်ခုကတော့ အက်စုမြောက်ပိုင်းနှင်းပုံပြင်များ လို့ခေါ်တဲ့ ဂျပန်ရိုးရာ စွယ်စုံကျမ်းပါ။ ထိုကျမ်းမှာ ပါတဲ့ ပုံပြင်တွေဟာ နှင်းပေါတဲ့ သူဇာတိဒေသမှာ အခြေခံတာဖြစ်ပါတယ်။ သူကျောင်းသားအရွယ်မှာ ၁၈၃၇ ခုနှစ်ထုတ် စွယ်စုံကျမ်းကိုဖတ်ရင်း ကျမ်းထဲက နှင်းပုံလေးတွေကို သူစိတ်ဝင်စားမိပါတယ်။​ သူ့အဖေက သူ့ကို အိုးဖုတ်လုပ်ငန်းလုပ်စေချင်ခဲ့ပါတယ်။ ဒါပေမဲ့​ သူ့ငယ်ငယ်လေးနဲ့ သူ့အဖေဆုံးသွားတာမို့ အိုးအလုပ်မလုပ်ပဲ သူက အထက်တန်းကျောင်းတက်ရင်း ရူပဗေဒ ကို စိတ်ဝင်စားခဲ့ပါတယ်။ သင်္ချာနဲ့ ရူပဗေဒ ထူးချွန်တာမို့ သူဟာ ပါရဂူဘွဲ့ ရတဲ့အထိ သုတေသနပြုရင်း ပညာသင်ယူခဲ့ပါတယ်။ ဒီနောက်မှာ ဟိုကိုင်းဒိုမြို့က တက္ကသိုလ်မှာ လက်ထောက် ပါမောက္ခရာထူး ခန့်ခံရပြီး ဘင့်တလေ ရဲ့ နှင်းပုံတွေကို တွေ့ရလို့ သူငယ်ငယ် စိတ်ဝင်စားခဲ့တဲ့ နှင်းပွင့်တွေကို ပြန်သတိရလာတာ ဖြစ်ပါတယ်။

အက်စုမြောက်ပိုင်းနှင်းပုံပြင်များ ကျမ်း ၁ – စာမျက်နှာ ၁၄ – ၁၅

ဒေါက်တာ နာကေးရ ဟာ ဘင့်တလေ ရိုက်ခဲ့တဲ့ နှင်းပုံ တွေကိုကြည့်ရင်း အလွန်းပဲ ပီတိဖြစ်မိပါတယ်။ သူ့ဓာတ်ပုံတွေ ကိုကြည့်ရင်း နှင်းပွင့်လေးတွေရဲ့ အရွယ် အမျိုးအစား ပုံသဏ္ဌာန် စုံလင်မှုကြောင့် အံ့ဩမိတယ်။  နှင်းပွင့်တွေ ဘာကြောင့်ဖြစ်လဲ ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာကို စုံစမ်းကြည့်ဖို့ သူဆုံးဖြတ်လိုက်ပါတယ်။ 

ဒေါက်တာ နာကေးရဟာ သိပ္ပံပညာရှင်ပါ၊ နှစ်ပေါင်းများစွာ သိပ္ပံ သင်တန်းတက်ထားသူပါ။ လောကမှာ ဘာတွေ ဘယ်လိုဖြစ်တယ် ဆိုတာကို ပါးစပ်နဲ့ ထိုင်ပြောလို့ရပါတယ်၊ ဒါကို လူတိုင်း လုပ်တတ်ပါတယ်၊ မခက်ပါဘူး။ ကိုပြောတာ မှန်ကြောင်းကို လက်တွေ့မှာ သက်သေပြဖို့ကတော့ လွယ်လေ့မရှိပါဘူး၊ ခက်ခဲတတ်ပါတယ်။ သိပ္ပံပညာရှင် တစ်ယောက် အတွက်ကတော့  အရာတစ်ခုခုကို သေသေ ချာချာ နားလည်ချင်ရင် ထိုအရာကို ဖန်တီးပြရမယ် ဆိုတာပါပဲ။ ဘယ်သို့ ဘယ်ပုံကြောင့် နှင်းဟာ ဖြစ်ပေါ်လာတယ်လို့ ပြောပေမဲ့ လက်တွေ့မှာ နှင်းကို မဖန်တီးပြနိုင်ဘူးဆိုရင် ထိုနာလည်မှုဟာ မပြည့်စုံပါဘူး။ ဒါကြောင့် နှင်းကို ကိုယ်တိုင် ဖန်တီးကြည့်ဖို့ ဓာတ်ခွဲခန်း တစ်ခုတောင်းတော့ သူ့ကို အခန်းငယ်လေး တစ်ခု သူ့တက္ကသိုလ်က ပေးတယ်ဆိုပါတယ်။

ရေဟာ အရမ်းအေးရင် ရေခဲဖြစ်တယ်။ နှင်း ကရော ဘယ်လို ဖြစ်တာလဲ။ ၁၉၃၀ ခုနှစ် ဝန်းကျင်က သိပ္ပံပညာ နားလည်မှုအရဆိုရင် နှင်း ဟာ ကောင်းကင်ပေါ်မှာ ဖြစ်တဲ့အတွက် ရေငွေ့တွေ အရမ်းအေးသွားလို့ ဖြစ်လာရတယ်လို့ ဆင်ခြင်ကြည့်ကြပါတယ်။ ဒါကြောင့် သူ့ဓာတ်ခွဲခန်းထဲမှာ ရေငွေ့အများကြီးပါတဲ့ လေထုကို ဗူးနဲ့ဖမ်းပြီး အရမ်းအေးအောင် လုပ်လိုက်တဲ့အခါမှာ နှင်းပွင့်လေးတွေ… မဖြစ်လာပါဘူး။ ရေငွေ့တွေက ခဲသွားပါတယ်၊ ဒါပေမဲ့ သဘဝ အလျှောက် ဖြစ်တဲ့ နှင်းတွေမှာ တွေ့ရလေ့ ရှိတဲ့ ဆဋ္ဌဂံ နှင်းပွင့်ပုံ သဏ္ဌာန်မထွက်ပဲ ရေငွေ့တွေ သွားတည်မိတဲ့ ချည်ကြိုးမှာ ခူကောင်တွေလို တွဲနေပါတယ်။ နှင်းမဖြစ်ပဲ ရေငွေ့ခဲ ဖြစ်သွားတာပါ။

စာတွေ့အရဆို အပူအအေး၊ ပြီးတော့ လေထဲက ရေငွေ့ပမာဏကို ထိန်းနိုင်ရင် နှင်းပွင့်တွေ ဖန်တီးလို့ရပါပြီ။ လက်တွေ့လုပ်ကြည့်တော့ မရဘူး။ စာတွေ့ အသိက မမှန်လို့တော့မဟုတ်၊ မပြည့်စုံသေးလို့။ အခြားဘာလိုသေလဲ ဆိုတာကို သူသုံးနှစ်လောက်နီးနီး စမ်းသပ်ကြည့်ပါတယ်၊ ချည်ကြိုးအစား အခြားသော ရုပ်ပစ္စည်း အမျိုးမျိုး အစားထိုးကြည့်ပါတယ်၊ တစ်ခုနဲ့မှ အလုပ်မဖြစ်ပါ။

နှင်းပွင့်တစ်ပွင့် ဖြစ်ဖို့က ပထမဆုံး ဗဟိုက စပြီးခဲရပါမယ်၊ ဒီဗဟိုခဲပြီးမှ သူ့ကို အခြားရေငွေ့တွေလာကပ်ကြပါလိမ့်မယ်။ အဲ့သလို လာကပ်တဲ့အခါမှ ဆဋ္ဌဂံပုံ စတည်ပါတယ်။ ဒါပေမဲ့ ဒီဗဟိုကိုပဲ အရင်စခဲအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဘယ်သူကမှ မသိပါဘူး။ ဒေါက်တာ နာကေးရလဲ မသိပါဘူး။

အဲ့သလို လမ်းပျောက်နေတဲ့ ကာလတွေမှာ သူ့ခမျာ စိတ်ဓာတ်ကျေေ ကောင်းကျနိုင်ပါတယ်။ ဓာတ်ခွဲခန်းကို သွားတဲ့နေ့တွေမှာ လမ်းမှာ နှင်းကျတာနဲ့ တိုးပါလိမ့်မယ်။ နှင်းပွင့်လေးတွေဟာ သူ့ကို ပြက်ရယ်ပြုနေသလား သူခံစားရမှာ အမှန်ပါပဲ။ သူ ကိုယ်ပိုင် ဖန်တီးဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ တစ်ခါတောင်မှ မအောင်မြင်ခဲ့တဲ့ အရာဟာ မရေမတွက်နိုင်အောင် ကောင်းကင်ပေါ်က ကျနေတယ်။ “မင်းအတွက် ခက်နေတာတော့ ဝမ်းနည်းပါတယ်၊ ငါတို့အတွက်ကတော့ အားစိုက်ဖို့တောင် မလိုဘူး” လို့ နှင်းတွေ ရယ်ပြီး ပြောနေသလို ခံစားရမှာပဲ။ ဒါပေမဲ့ နှင်းပွင့်တွေရဲ့ လျို့ဝှက်ချက်ကို သူ မကြာခင်ပဲ တွေ့ရှိတော့မှာပါ။

တစ်နေ့မှာ တက္ကသိုလ်ရောက်တော့ သူ့ ဓာတ်ခွဲခန်းထဲက ယုန်မွေးပါ ကုတ်အင်္ကျီ တစ်ထည်မှာ နှင်းပွင့် တစ်ပွင့်ကပ်နေတာကို သူတွေ့ရပါတယ်။ ဒါနဲ့ တစ်မျှင်တည်းသော ယုန်မွေးကို ရေငွေ့ဗှုးထဲပြီး အအေးပေးလိုက်တော့ နှင်းတစ်ပွင့် ယုန်မွေးထိပ်မှာ လာ တည်နေတာကို သူမြင်ရပါတယ်။ သဘာဝအတိုင်းဖြစ်တဲ့ နှင်းပွင့်တွေလိုပဲ ဆဠဂံပုံထွက်ပါတယ်။ ဒါဟာ ကမ္ဘာသမိုင်းမှာ ပထမဆုံးသော လူလုပ်တဲ့ နှင်းဖြစ်ပါတယ်။ ထိုနေ့က မတ်လ ၁၂ ရက် ၁၉၃၆ ခုနှစ်ပါ။ 

၁၉၃၆ ဟာ မြန်မာနိုင်ငံ သမိုင်းမှာ အရေးပါတဲ့ နှစ်ဖြစ်ပါတယ်။ ဒေါက်တာ နာကေးရ မအောင်မြင်ခင် တစ်လ လောက် အရင် ဗမာလူငယ်ကျောင်းသားနှစ်ယောက်ဟာ ရန်ကုန်တက္ကသိုလ်ကနေ ကျောင်းအထုတ်ခံရပါတယ်။ နောင်တချိန်မှာ ခေါင်းဆောင်အသီးသီး ဖြစ်လာမဲ့ ကိုအောင်ဆန်းနဲ့ ကိုနု တို့ပါ။  နောက် ၄ နှစ်လောက်အကြာမှာ ကိုအောင်ဆန်းဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်လာမှာဖြစ်ပါတယ်။

ပထမနှင်းပွင့်ကို အောင်မြင်စွာ လုပ်ပြီးရော ဒေါက်တာ နာကေးရ ဟာ အအေးချိန်နဲ့ ရေငွေ့ အချိုးအစား အမျိုးစုံကို စမ်းသပ်ကြည့်ပါတယ်၊ သူထင်တဲ့အတိုင်းပဲ ရေငွေ့ပမာဏနဲ့ အအေးချိန် မတူရင် ဖြစ်လာတဲ့ နှင်းပွင့်ပုံသဏာန် မတူပါဘူး။ သူ့တွေ့ရှိချက်တွေကို သူက ပုံနဲ့ အခုလို အကျဥ်းချုပ်ပြပါတယ်။

နာကေးရ ပုံ

အလျားလိုက်မျဥ်းက အပူချိန် အနည်းအများကို ပြတာ၊ ထောင်လိုက်မျဥ်းက လေထုမှာ ရေငွေ့ သိပ်သည်းမှု ပမာဏကိုပြတာ။ ဒါကြောင့် သဘာဝအလျောက်ဖြစ်တဲ့ နှင်းပွင့်လေးတွေရဲ့ ပုံသဏ္ဌာန်ကို ကြည့်ရင် ထိုနှင်းပွင့်ဖြစ်လာတဲ့ ကောင်းကင်ပေါ်မှာ ဘယ်လောက်အေးတယ်၊ ရေငွေ့သိပ်သည်းမှု ဘယ်လောက်ရှိတယ်ဆိုတာကို အတိကျပြောနိုင်တယ်။ နတ်တွေနေတဲ့ ကောင်းကင်က ကျလာတဲ့ နှင်းပွင့်လေးတွေကို စာလုံးလေးတွေအလား ဖတ်ကြည့်လို့ရတယ်။

အခုတော့ ကိုယ်လိုချင်တဲ့ နှင်းပွင့်ပုံကို ဓာတ်ခွဲခန်းထဲမှာ လုပ်ယူနိုင်ပါပြီ။ နတ်ပြည်က စာကိုဖတ်နိုင်သလို နတ်ပြည်ကိုလဲ စာပြန်ပို့နိုင်ပါပြီ။

အလွန်အေးစက်တဲ့ အရာတွေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ရတာ မလွယ်ပါ။ ဂျပန်နိုင်ငံဟာလဲ စစ်ပွဲတွေနဲ့ကြုံနေရပါတယ်။ သူနှစ်ပေါင်း ၂၀ ကျော်ကြာအောင် လေ့လာထားတဲ့ နှင်းပွင့်အကြောင်းရေးထားတဲ့ စာအုပ်ကို ထုတ်ဖို့ ထုတ်လုပ်သူကို ပေးထားနေတုန်း ပုံနှိပ်တိုက်ဟာ ဒုတိယ ကမ္ဘာစစ် ဗုံးမှန်ပြီး စာအုပ်မူရင်းရော ရိုက်မဲ့ စာစီထားတဲ့ ပုံနှိပ်ပြားတွေရော အကုန်ပျက်ဆီးကုန်ပါတယ်။ သူဟာ အရှုံးပေးမဲ့လူတော့ မဟုတ်ပါ။ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ အကူအညီနဲ့အတူ စာပြန်ရေးပြီး ၁၉၅၄ ခုနှစ်မှာ သူ့စာအုပ်ကို အင်္ဂလိပ်လို ထုတ်ခဲ့ပါတယ်။ ထိုစာအုပ်ထဲက အခန်းတိုင်းဟာ ရွှေတွင်းတစ်ခုလို တန်ဖိုးရှိ အချက်လက်တွေနဲ့ ပြည့်နေတယ် လို့ ပညာရှင်တစ်ယောက်က သုံးသပ်ပါတယ်။

Leave a comment