ခြင်္သေ့ရဲ့ ခြေရာ

၁၆၉၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ အိုင်းဇက် နယူတန် (Issac Newton) ဟာ လန်ဒန်မြို့က သူနေတဲ့ အိမ်သို့ပြန်ရောက်လာပါတယ်။ တော်ဝန်ဒင်္ဂါးသွန်း ရုံမှာ တနေကုန် အလုပ်လုပ်ခဲ့တာမို့ အတော်လေး ညောင်းနေပါပြီ။ အသက်အရွယ် ၅၅နှစ်ရှိနေပြီဖြစ်တဲ့ နယူတန်ဟာ သိပ္ပံလောကကနေ အနားယူထားတာ ၁၀လောက် ရှိနေပြီဖြစ်ပြီး တော်ဝန်ဒင်္ဂါးသွန်း ရုံမှာ အုပ်ချုပ်သူအနေနဲ့ အလုပ်လုပ်နေတာ ၆ လကျော် ရှိနေပါပြီ။ နားချိန်တန်ပေမဲ့ သူ့မှာ မနားနိုင်သေးပါ၊ လက်တလော သူ့ဆီရောက်လာတဲ့ စာတစ်စောင်ထဲက သင်္ချာ ပြသနာတစ်ခုကို သူပြန်သတိရမိပါတယ်။ သင်္ချာ လောကနဲ့ အဆက်ပြတ်နေတာ ကြာနေပေမဲ့ ပုစ္ဆာလေးက ကောင်းလွန်းတာမို့ သူ့မှာ လျစ်လျူ မရှုထားနိုင်ပါ။ လက်ဝှေ့လောကထဲက အနားယူပြီးမှ သွေးသစ်ပေါက် တစ်ယောက်က စိန်ခေါ်လို့ ကြိုးကွင်းထဲ ရုတ်တရက် ပြန်ဝင်ရတဲ့အဖြစ်မျိုးပါ။ စိန်ခေါ်တဲ့ ထို သင်္ချာပြသနာကို ရှင်းဖို့သူစတင် ပြင်ဆင်ပါတယ်။ အချိန်က ညနေ ၄နာရီ။ သူဖြေရှင်းရမဲ့ သင်္ချာပုဒ်စာ ကို အမြန်ဆုံး ဆင်းလမ်း (Brachistochrone) ပြဿနာလို့ ခေါ်ပါတယ်။

အမြန်ဆုံး ဆင်းလမ်း ပြဿနာ

အထက်နေရာတစ်ခုမှ ဒေါင့်မှန်မကျတဲ့ အောက်နေရာတစ်ခုသို့ အရာတခုကို ကမ္ဘာမြေဆွဲအားကိုသာ အသုံးပြုပြီး လမ်းကြောင်းတခုအတိုင်း လွှတ်ချမယ်ဆိုရင် အချိန်အတိုဆုံးနဲ့ ရောက်မဲ့ ဆင်းလမ်းရဲ့ပုံက ဘယ်လိုလဲ။

ဒီမှာနည်းနည်း စဥ်းစားကြည့်ရင် အောက်ဆင်းလမ်း အမျိုးစုံရှိနိုင်တာကို တွေ့ရပါလိမ့်မယ်။ မျဉ်းဖြောင့်အတိုင်း တည့်တည့်ကြီး လှိမ့်ဆင်းနိုင်တဲ့ လမ်းရှိသလို၊ ကွေ့ကောက် ဆင်းလို့ရတဲ့ လမ်းတွေလဲ ရှိပါတယ်။ တကယ်တော့ ဖြစ်နိုင်တဲ့ ဆင်းလမ်းပေါ်င်းတွေဟာ မရေတွက်နိုင်လောက်အောင်ကို များပြားလှပါတယ်။ ဆင်းလမ်းအချို့ကို အောက်မှာ ကြည့်ပါ။

ဖြစ်နိုင်သော ဆင်းလမ်း အချို့

ပုံထဲက အနက်ရောင်မျဥ်းဟာ ဖြောင့်တန်းတဲ့မျဥ်းပါ၊ ဒါဟာ အတိုဆုံး ဆင်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ အတိုဆုံး ဆင်းလမ်းဟာ အမြန်းဆုံး ဆင်းလမ်းဖြစ်မလား။ အတိုဆုံးမဟုတ်တဲ့ ဆင်းလမ်းက ပိုမြန်နိုင်လား။ ဒီနေရာမှာ သတိထားရမဲ့ အရေးကြီးအချက်က ဆင်းလမ်းရဲ့ ပုံသဏ္ဍာန်ကိုရွေးလို့ရပေမဲ့ ဆင်းဖို့လိုတဲ့ အရှိန်ကိုတော့ ကမ္ဘာမြေရဲ့ ဆွဲအားကိုသာ အသုံးပြုရပါ့မယ်။ အခြားသော တွန်းအား ဆွဲအား ဘာမှမပါဘူးလို့ ယူဆကြပါမယ်။ ဥပမာ လွှတ်ချမဲ့ အရာက ဂေါ်လီလုံး တစ်လုံး ဆိုကြပါစို့။ အနက်ရောင် ဆင်းလမ်းက ဖြောင့်နေတဲ့ ပျဥ်ပြား တစ်ချပ်ဖြစ်နိုင်တယ်။ ဒါဆိုရင် ဂေါ်လီက ပျဉ်ပြားစောင်း အပေါ်မှာ ကမ္ဘာမြေရဲ့ဆွဲအား အတိုင်း လိမ့်ဆင်းမှာဖြစ်ပါတယ်။ သစ်သားနဲ့ ဂေါ်လီနဲ့ အကြား ပွတ်တိုက်မှုကြောင့် ဆင်းတဲ့အရှိန် နည်းနည်း ရော့သွားတာမျိုး ဖြစ်နိုင်ပါတယ်၊ ဒီအချက်ကို ထည့်စဉ်းစားဖို့ မလိုပါ။

အခြားသော အစိမ်းရောင် ဆင်းလမ်းက ကွေးထားတဲ့ သံပြားတစ်ချပ် ဖြစ်နိုင်တယ်။ ကွေးပုံကလဲ အမျိုးမျိုး ဖြစ်နိုင်သေးတယ်။ အပြာနုရောင်လမ်းလို နှစ်ကြိမ် အရှိန်ယူဆင်းနိုင်အောင် ကွေးထားတာဖြစ်နိုင်သလို၊ အပြာရင့်ရောင်လို ဟိုးအောက်ထိ ကျော်ဆင်းပြီးမှ အထက်နည်းနည်း ပြန်တက်တဲ့ လမ်းလဲ ဖြစ်နိုင်သေးတယ်။ နောက်ပြီး အနီရောင်လမ်းလိုမျိုး အောက်ကို ဒေါက်မှန်ကျကျ တည့်တည့်ကြီးဆင်းပြီးမှ ရုတ်တရက် ကွေ့ပြီး အလျားလိုက် ဆက်သွားတာမျိုးလဲဖြစ်နိုင်တယ်။ အဲ့သလို ဖြစ်နိုင်ခြေအမျိုးမျိုး ရှိတဲ့ လမ်းတွေထဲက ကမ္ဘာမြေရဲ့ ဆွဲအားနဲ့သာ ဆင်းရင် ဘယ်လမ်းဟာ အမြန်ဆုံး အောက်မှတ်ကို ရောက်မဲ့ လမ်းပါလဲ၊ ဒါကိုသိချင်တာပါ။ လွန်ခဲ့တဲ့နှစ် သုံးရာ အကျော်က မေးခဲ့တဲ့ ဒီပုစ္စာကို ခေတ်ပေါ် စာဖတ်သူတွေက ဘယ်လို စဥ်းစားမိလေမလဲ။ အနက်ရောင် ဆင်းလမ်းဟာ အတိုဆုံးလမ်းဆိုတော့ အမြန်ဆုံး ဆင်းလမ်းပဲဖြစ်မယ်လို့ ထင်ချင်စရာပါပဲ။

နယူတန်ဟာ သင်္ချာလောကမှာ မကျင်လည်ခဲ့တာ ကြာနေပေမဲ့ ဒီပုဒ်စာဟာ သူတီထွင်ခဲ့တဲ့ ကဲကုလ (Calculus) သင်္ချာနဲ့ ဆက်သွယ်နေတာကို သူချက်ချင်းသိပါတယ်။ ကဲကုလဆိုတာ ရွေ့လျှားတဲ့အရာတွေရဲ့ အရှိန်အတက်အကျကို တွက်တဲ့နည်းပါ။ ဒီပုဒ်စာကို သူတွက်ကြည့်ဖို့ ဆုံးဖြတ်ပြီး ညနေစောင်းထဲက စပြီး တွက်တာ မနက် ၄နာရီလောက်မှ သူအဖြေရပါတယ်။ အမြန်ဆုံးဆင်းလမ်းက အနက်ရောင်း လမ်းမဟုတ်ပါဘူး။ သူ့တွက်နည်းကို ဂျာနယ်တခုမှာပုံနှိပ်ခိုင်းဖို့အတွက် သူ့မိတ်ဆွေဆီ နောက်နေ့မှာ ပို့လိုက်ပါတယ်။ ပုံနှိပ်တဲ့အခါမှာ သူ့နာမည်ကို မထည့်ဖို့လဲ မှာလိုက်ပါတယ်။ ဘာမှ မခက်ခဲတဲ့ သင်္ချာပုဒ်စာ တစ်ခုလို့ သူသဘောထားလို့လား မသိပါ။ မကြာခင်မှာပဲ သူ့တွက်နည်းဟာ သင်္ချာဂျာနယ်တစ်ခုမှာ အမည်မဲ့ ပါလာပါတယ်။

ဒီအတောအတွင်း ဒီပုဒ်စာ သူ့ဆီဘာကြောင့်ရောက်လာတယ် ဆိုတာကို နယူတန် အပြည့်အဝ သိပုံမရပါဘူး။ အထူးသဖြင့် သူဟာ ကဲကုလ သင်္ချာကို ဘယ်လောက်ထိ လေးလေးနက်နက် သိသလဲ ဆိုတာကို သူရဲ့ ပြိုင်ဘက် သင်္ချာဆရာ နှစ်ယောက်က သူ့ကို ပညာစမ်းနေမှန်း နယူတန် သိပုံမရပါဘူး။ 

ကဲကုလ သင်္ချာကို ပညာရှင် နှစ်ယောက်က တပြိုင်တည်း တချိန်တည်းမှာ ရှာဖွေတွေ့ရှိကြပါတယ်။ တစ်ယောက်က နယူတန်ပါ၊ နောက်တယောက်က ဂေါ့ဖရီဒ် လိုင်ဘနစ်ဇ် (Gottfried Leibniz) ပါ။ နယူတန်ဟာ ကဲကုလ သင်္ချာကို သူကိုယ်ပိုင် တီထွင်မဟုတ်ဘဲ သူများထွင်ထားတာကို သူက ကြားဝင် နာမည်ကောင်းယူတာလို့ လိုင်ဘနစ်ဇ်ရယ်၊ သူနဲ့အတူ သင်္ချာလေ့လာတဲ့ ပညာရှင် ရိုဟန်း ဘယ်နူးလီ (Johann Bernoulli) တို့က သံသယရှိနေခဲ့ပါတယ်။ နယူတန်ရဲ့ ကဲကုလ ပညာ အတိမ်အနက်ကို သူတို့က စမ်းကြည့်ချင်တယ်။ နယူတန်ဟာ သူတို့လိုဘဲ သင်္ချာဥာဏ်ကြီးရှင် အစစ် တစ်ယောက် ဟုတ်မဟုတ် ယှဉ်ကြည့်ချင်ကြတယ်။ ကဲကုလကို ပိုင်ပိုင်ဆိုင်ဆိုင် နားလည်သူဖြစ်မှသာလျှင် အမြန်ဆုံး ဆင်းလမ်း ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူတို့က ယုံကြည်ကြတယ်။ အဲသလို ရည်ရွယ်ချက်နဲ့ သူတို့က ဇတ်လမ်းတစ်ခုထွင်ပါတယ်။

အမြန်ဆုံး ဆင်းလမ်း ပြဿနာ ကို တစ်ကမ္ဘာလုံးက သင်္ချာပညာရှင်များ ဖြေရှင်းကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ် လို့ ဘယ်နူးလီ ကဖိတ်ခေါ်ခဲ့ပါတယ်။ တကယ်တော့ အခြားသော သင်္ချာဆရာတွေထက် နယူတန်က ဘယ်လိုများ တွက်ချက်မလဲဆိုတာကို သူတို့က အတော်ပဲ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ဒီဇတ်အဆင်ကို နယူတန်က သိပုံမရဘူး၊ မသိရင်လဲ သူက မာနနဲ့ မဖြေပဲ နေလို့ရပါတယ်။ မနေပါဘူး။

နယူတန် တစ်ညလုံးထိုင်တွက်တဲ့ အဖြေက မှန်ပါတယ်။ နယူတန်ရဲ့ တွက်နည်းကို ပုံနှိပ်တဲ့အခါမှာ သူ့နာမည်ကို မဖေါ်ပြခဲ့ပါဘူး။ ဘယ်သူ့နာမည်မှမပါတဲ့ ဒီတွက်နည်းကို လေ့လာကြည့်တော့  ရိုဟန်း ဘယ်နူးလီ က ‘ခြေရာကိုမြင်တာနဲ့ ခြင်္သေ့မှန်း သိပါတယ်’ လို့ မှတ်ချက်ချပါတယ်။ အဲ၊ ရိုဟန်း ဘယ်နူးလီ ကိုယ်တိုင်ကတော့ ဒီပုစ္ဆာဖြေရှင်းဖို့ တစ်ပတ်လောက် အချိန်ပေးခဲ့ရတယ်ဆိုပါတယ်။ နယူတန်ရဲ့ သင်္ချာအစွမ်းအစ အပေါ် သံသယ မရှိနိုင်တော့ပါ။ ဆင်းလမ်းအချို့ရဲ့ အချိန်ကို အောက်က အယ်နီမေးရှင်းမှာကြည့်ပါ။ အတိုဆုံးလမ်းဟာ တကယ်တော့ နှေးဆုံးဖြစ်ပြီး အနီရောင်လမ်းက အမြန်ဆုံးဖြစ်ပါတယ်။

ဆင်းလမ်းအချို့ရဲ့ အချိန်

ပညာရှင်တွေဟာ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သတ်လာရင် စိတ်သဘောထားကြီးနိုင်ကြသလို မနာလို သဝန်တိုတာတွေ အကြိတ်အနယ် ပြိုင်ဆိုင်တာတွေ နာမည်ကောင်းဝင်ယူတာတွေ လဲ အမျိုးမျိုးရှိတတ်ကြပါတယ်။ အချင်းချင်း ပညာစမ်းတာ စိမ်ခေါ်တာ မျိုးဟာ ပညာရှင်တွေအကြား မရှားပါဘူး။ အမှန်တရားကို ရှာဖွေကြသူတွေမို့ အရာရာမှာ စိတ်သဘောထား ကြီးကြမယ်လို့ လွယ်လွယ်မှတ်ယူလို့မရနိုင်ပါ။ အထောက်အထားတွေလိုသလို ယူသုံးတာတွေ၊ မရှိတဲ့ အထောက်ထားကို ဖန်တီးပြီးပြောတာ၊ လိမ်တာ စတာမျိုးတွေလဲ သိပ္ပံပညာရှင်တွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲ့သလို ပုဂ္ဂိုလ်ရေးအရ အားနည်းချက်တွေဟာ သိပ္ပံပညာ တိုးတက်မှုအပေါ် မလိုလားတဲ့ အကျိုးသက်ရောက်မှုနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တွက်နည်းတစ်ခုကို ကြည့်တဲ့အခါမှာ ဘယ်သူဘယ်ဝါက ရေးတဲ့ တွက်နည်းမို့ လက်ခံရမယ် ဆိုတာမရှိပါဘူး၊ မှန်တယ်ဆို ဘယ်သူရေးတာပဲဖြစ်ဖြစ် လက်ခံရပါမယ်၊ မှားရင် ဘယ်သူရေးတာပဲဖြစ်ဖြစ် ပယ်ထားရပါမယ်။ နောက်ပြီး ပညာရှင်တွေဟာ သူများရဲ့ရှာဖွေတွေ့ရှိချက် ငါ့ရှာဖွေတွေရှိချက် စတာတွေကို အပြန်ပြန် အလှန်လှန် ယှဉ်ကြည့် စစ်ဆေးကြည့် လုပ်လေ့ရှိပါတယ်။ ဒီနည်းနဲ့တွက်လို့ ဒီအဖြေရရင် အခြားနည်းနဲ့ဆိုရင်ကော ဒီအဖြေပဲရရဲ့လား၊ အဲ့သလို အမျိုးမျိုး စမ်းကြည့်ကြပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာ ပုဂ္ဂိုလ်ရေးတွေမကျန်ပဲ ဘယ်ဟာအမှား ဘယ်ဟာ အမှန်ဆိုတာပဲ ကျန်ခဲ့ပါတယ်။ ဒါဟာ သိပ္ပံယဉ်ကျေးမှုရဲ့ အရေးကြီး လက္ခဏာ တစ်ခုပါ။

ဒီနေရာမှာ သင်္ချာပညာရဲ့ တိကျပုံ အကြောင်း ပြောချင်တာလေးတစ်ခုရှိပါတယ်။ နယူတန်လို သင်္ချာ ပညာရှင်တွေရေးတဲ့ ညီမျှချင်းတွေအရဆိုရင် ဆင်းလာတဲ့အရာ တစ်ခုဟာ ဘယ်အချိန်မှာ ဘယ်နှုန်းနဲ့ဆင်းတယ်ဆိုတာကို အတိအကျတွက်ယူလို့ရပါတယ်။ ဒါပေမဲ့ လက်တွေ့ ရုပ်လောကထဲမှာတော့ အဲသလောက် တိကျအောင်မတိုင်းနိုင်ပါဘူး။ စဉ်းစားကြည့်ပါ။ ဆင်းလာတဲ့ အရာတစ်ခုရဲ့ အဆင်းနှုန်းကို ဘယ်လိုတိုင်းမလဲ။ ထိုအရာကို အကောင်းဆုံးသော ကင်မရာနဲ့ ဓာတ်ပုံရိုက်မယ်ဆိုပါစို့။ ဓာတ်ပုံတစ်ပုံတည်းကတော့ ထိုအရာရဲ့ ရွေ့လျားနှုန်းကို မပြောနိုင်ဘူး။ အနည်းဆုံး အချိန် နည်းနည်းလေးခြားပြီး နောက်တစ်ပုံ ထပ်ရိုက်ဖို့လိုတယ်။ ဒီပုံနှစ်ပုံအကြားမှာ ကြာခဲ့တဲ့ အချိန်ကာလနဲ့ ရွေ့လျှားခဲ့တဲ့ အကွာအဝေးကို သိရမှ ရွေ့လျားနှုန်းကို တွက်လို့ရမယ်။ ဒါဟာ ထိုကာလရဲ့ ပျမ်းမျှနှုန်းသာဖြစ်တယ်၊ ထိုကာလအတွင်းမှာ အဆင်းနှုန်း ပြောင်းလဲနိုင်တယ်ဆိုရင် ထိုနှုန်းဟာမတိကျပါဘူး။ တစ်ခုတည်းသော အချိန်မှတ်တစ်ခုမှာ ဘယ်နှုန်းဆိုတာကို မတိုင်းနိုင်ဘူး။ ဒါကြောင့် လက်တွေ့မှာ ဓာတ်ပုံတစ်ပုံတည်းကြည့်ပြီး ရွေ့လျားနှုန်း ဘယ်လောက်လို့ မပြောနိုင်ပေမဲ့ ထိုအချိန်မှာ ရွေ့လျားနှုန်း ဘယ်လောက်ဆိုတာကို သင်္ချာနဲ့ တွက်ယူလို့ရတယ်။ လက်တွေ့မှာ ဘယ်လိုမှ မသိနိုင်တဲ့ အချက်ကို သင်္ချာနည်းနဲ့ တွက်ယူနိုင်တယ်၊ သင်္ချာနည်းနဲ့ ရလာတဲ့အသိကသာ ပိုပြည့်စုံနေတယ်။

Leave a comment