Author: Thein Tun Loakthar
ခြင်္သေ့ရဲ့ ခြေရာ
၁၆၉၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းမှာ အိုင်းဇက် နယူတန် (Issac Newton) ဟာ လန်ဒန်မြို့က သူနေတဲ့ အိမ်သို့ပြန်ရောက်လာပါတယ်။ တော်ဝန်ဒင်္ဂါးသွန်း ရုံမှာ တနေကုန် အလုပ်လုပ်ခဲ့တာမို့ အတော်လေး ညောင်းနေပါပြီ။ အသက်အရွယ် ၅၅နှစ်ရှိနေပြီဖြစ်တဲ့ နယူတန်ဟာ သိပ္ပံလောကကနေ အနားယူထားတာ ၁၀လောက် ရှိနေပြီဖြစ်ပြီး တော်ဝန်ဒင်္ဂါးသွန်း ရုံမှာ အုပ်ချုပ်သူအနေနဲ့ အလုပ်လုပ်နေတာ ၆ လကျော် ရှိနေပါပြီ။ နားချိန်တန်ပေမဲ့ သူ့မှာ မနားနိုင်သေးပါ၊ လက်တလော သူ့ဆီရောက်လာတဲ့ စာတစ်စောင်ထဲက သင်္ချာ ပြသနာတစ်ခုကို သူပြန်သတိရမိပါတယ်။ သင်္ချာ လောကနဲ့ အဆက်ပြတ်နေတာ ကြာနေပေမဲ့ ပုစ္ဆာလေးက ကောင်းလွန်းတာမို့ သူ့မှာ လျစ်လျူ မရှုထားနိုင်ပါ။ လက်ဝှေ့လောကထဲက အနားယူပြီးမှ သွေးသစ်ပေါက် တစ်ယောက်က စိန်ခေါ်လို့ ကြိုးကွင်းထဲ ရုတ်တရက် ပြန်ဝင်ရတဲ့အဖြစ်မျိုးပါ။ စိန်ခေါ်တဲ့ ထို သင်္ချာပြသနာကို ရှင်းဖို့သူစတင် ပြင်ဆင်ပါတယ်။ အချိန်က ညနေ ၄နာရီ။ သူဖြေရှင်းရမဲ့ သင်္ချာပုဒ်စာ ကို အမြန်ဆုံး ဆင်းလမ်း (Brachistochrone) ပြဿနာလို့ ခေါ်ပါတယ်။

အထက်နေရာတစ်ခုမှ ဒေါင့်မှန်မကျတဲ့ အောက်နေရာတစ်ခုသို့ အရာတခုကို ကမ္ဘာမြေဆွဲအားကိုသာ အသုံးပြုပြီး လမ်းကြောင်းတခုအတိုင်း လွှတ်ချမယ်ဆိုရင် အချိန်အတိုဆုံးနဲ့ ရောက်မဲ့ ဆင်းလမ်းရဲ့ပုံက ဘယ်လိုလဲ။
ဒီမှာနည်းနည်း စဥ်းစားကြည့်ရင် အောက်ဆင်းလမ်း အမျိုးစုံရှိနိုင်တာကို တွေ့ရပါလိမ့်မယ်။ မျဉ်းဖြောင့်အတိုင်း တည့်တည့်ကြီး လှိမ့်ဆင်းနိုင်တဲ့ လမ်းရှိသလို၊ ကွေ့ကောက် ဆင်းလို့ရတဲ့ လမ်းတွေလဲ ရှိပါတယ်။ တကယ်တော့ ဖြစ်နိုင်တဲ့ ဆင်းလမ်းပေါ်င်းတွေဟာ မရေတွက်နိုင်လောက်အောင်ကို များပြားလှပါတယ်။ ဆင်းလမ်းအချို့ကို အောက်မှာ ကြည့်ပါ။

ပုံထဲက အနက်ရောင်မျဥ်းဟာ ဖြောင့်တန်းတဲ့မျဥ်းပါ၊ ဒါဟာ အတိုဆုံး ဆင်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ အတိုဆုံး ဆင်းလမ်းဟာ အမြန်းဆုံး ဆင်းလမ်းဖြစ်မလား။ အတိုဆုံးမဟုတ်တဲ့ ဆင်းလမ်းက ပိုမြန်နိုင်လား။ ဒီနေရာမှာ သတိထားရမဲ့ အရေးကြီးအချက်က ဆင်းလမ်းရဲ့ ပုံသဏ္ဍာန်ကိုရွေးလို့ရပေမဲ့ ဆင်းဖို့လိုတဲ့ အရှိန်ကိုတော့ ကမ္ဘာမြေရဲ့ ဆွဲအားကိုသာ အသုံးပြုရပါ့မယ်။ အခြားသော တွန်းအား ဆွဲအား ဘာမှမပါဘူးလို့ ယူဆကြပါမယ်။ ဥပမာ လွှတ်ချမဲ့ အရာက ဂေါ်လီလုံး တစ်လုံး ဆိုကြပါစို့။ အနက်ရောင် ဆင်းလမ်းက ဖြောင့်နေတဲ့ ပျဥ်ပြား တစ်ချပ်ဖြစ်နိုင်တယ်။ ဒါဆိုရင် ဂေါ်လီက ပျဉ်ပြားစောင်း အပေါ်မှာ ကမ္ဘာမြေရဲ့ဆွဲအား အတိုင်း လိမ့်ဆင်းမှာဖြစ်ပါတယ်။ သစ်သားနဲ့ ဂေါ်လီနဲ့ အကြား ပွတ်တိုက်မှုကြောင့် ဆင်းတဲ့အရှိန် နည်းနည်း ရော့သွားတာမျိုး ဖြစ်နိုင်ပါတယ်၊ ဒီအချက်ကို ထည့်စဉ်းစားဖို့ မလိုပါ။
အခြားသော အစိမ်းရောင် ဆင်းလမ်းက ကွေးထားတဲ့ သံပြားတစ်ချပ် ဖြစ်နိုင်တယ်။ ကွေးပုံကလဲ အမျိုးမျိုး ဖြစ်နိုင်သေးတယ်။ အပြာနုရောင်လမ်းလို နှစ်ကြိမ် အရှိန်ယူဆင်းနိုင်အောင် ကွေးထားတာဖြစ်နိုင်သလို၊ အပြာရင့်ရောင်လို ဟိုးအောက်ထိ ကျော်ဆင်းပြီးမှ အထက်နည်းနည်း ပြန်တက်တဲ့ လမ်းလဲ ဖြစ်နိုင်သေးတယ်။ နောက်ပြီး အနီရောင်လမ်းလိုမျိုး အောက်ကို ဒေါက်မှန်ကျကျ တည့်တည့်ကြီးဆင်းပြီးမှ ရုတ်တရက် ကွေ့ပြီး အလျားလိုက် ဆက်သွားတာမျိုးလဲဖြစ်နိုင်တယ်။ အဲ့သလို ဖြစ်နိုင်ခြေအမျိုးမျိုး ရှိတဲ့ လမ်းတွေထဲက ကမ္ဘာမြေရဲ့ ဆွဲအားနဲ့သာ ဆင်းရင် ဘယ်လမ်းဟာ အမြန်ဆုံး အောက်မှတ်ကို ရောက်မဲ့ လမ်းပါလဲ၊ ဒါကိုသိချင်တာပါ။ လွန်ခဲ့တဲ့နှစ် သုံးရာ အကျော်က မေးခဲ့တဲ့ ဒီပုစ္စာကို ခေတ်ပေါ် စာဖတ်သူတွေက ဘယ်လို စဥ်းစားမိလေမလဲ။ အနက်ရောင် ဆင်းလမ်းဟာ အတိုဆုံးလမ်းဆိုတော့ အမြန်ဆုံး ဆင်းလမ်းပဲဖြစ်မယ်လို့ ထင်ချင်စရာပါပဲ။
နယူတန်ဟာ သင်္ချာလောကမှာ မကျင်လည်ခဲ့တာ ကြာနေပေမဲ့ ဒီပုဒ်စာဟာ သူတီထွင်ခဲ့တဲ့ ကဲကုလ (Calculus) သင်္ချာနဲ့ ဆက်သွယ်နေတာကို သူချက်ချင်းသိပါတယ်။ ကဲကုလဆိုတာ ရွေ့လျှားတဲ့အရာတွေရဲ့ အရှိန်အတက်အကျကို တွက်တဲ့နည်းပါ။ ဒီပုဒ်စာကို သူတွက်ကြည့်ဖို့ ဆုံးဖြတ်ပြီး ညနေစောင်းထဲက စပြီး တွက်တာ မနက် ၄နာရီလောက်မှ သူအဖြေရပါတယ်။ အမြန်ဆုံးဆင်းလမ်းက အနက်ရောင်း လမ်းမဟုတ်ပါဘူး။ သူ့တွက်နည်းကို ဂျာနယ်တခုမှာပုံနှိပ်ခိုင်းဖို့အတွက် သူ့မိတ်ဆွေဆီ နောက်နေ့မှာ ပို့လိုက်ပါတယ်။ ပုံနှိပ်တဲ့အခါမှာ သူ့နာမည်ကို မထည့်ဖို့လဲ မှာလိုက်ပါတယ်။ ဘာမှ မခက်ခဲတဲ့ သင်္ချာပုဒ်စာ တစ်ခုလို့ သူသဘောထားလို့လား မသိပါ။ မကြာခင်မှာပဲ သူ့တွက်နည်းဟာ သင်္ချာဂျာနယ်တစ်ခုမှာ အမည်မဲ့ ပါလာပါတယ်။
ဒီအတောအတွင်း ဒီပုဒ်စာ သူ့ဆီဘာကြောင့်ရောက်လာတယ် ဆိုတာကို နယူတန် အပြည့်အဝ သိပုံမရပါဘူး။ အထူးသဖြင့် သူဟာ ကဲကုလ သင်္ချာကို ဘယ်လောက်ထိ လေးလေးနက်နက် သိသလဲ ဆိုတာကို သူရဲ့ ပြိုင်ဘက် သင်္ချာဆရာ နှစ်ယောက်က သူ့ကို ပညာစမ်းနေမှန်း နယူတန် သိပုံမရပါဘူး။
ကဲကုလ သင်္ချာကို ပညာရှင် နှစ်ယောက်က တပြိုင်တည်း တချိန်တည်းမှာ ရှာဖွေတွေ့ရှိကြပါတယ်။ တစ်ယောက်က နယူတန်ပါ၊ နောက်တယောက်က ဂေါ့ဖရီဒ် လိုင်ဘနစ်ဇ် (Gottfried Leibniz) ပါ။ နယူတန်ဟာ ကဲကုလ သင်္ချာကို သူကိုယ်ပိုင် တီထွင်မဟုတ်ဘဲ သူများထွင်ထားတာကို သူက ကြားဝင် နာမည်ကောင်းယူတာလို့ လိုင်ဘနစ်ဇ်ရယ်၊ သူနဲ့အတူ သင်္ချာလေ့လာတဲ့ ပညာရှင် ရိုဟန်း ဘယ်နူးလီ (Johann Bernoulli) တို့က သံသယရှိနေခဲ့ပါတယ်။ နယူတန်ရဲ့ ကဲကုလ ပညာ အတိမ်အနက်ကို သူတို့က စမ်းကြည့်ချင်တယ်။ နယူတန်ဟာ သူတို့လိုဘဲ သင်္ချာဥာဏ်ကြီးရှင် အစစ် တစ်ယောက် ဟုတ်မဟုတ် ယှဉ်ကြည့်ချင်ကြတယ်။ ကဲကုလကို ပိုင်ပိုင်ဆိုင်ဆိုင် နားလည်သူဖြစ်မှသာလျှင် အမြန်ဆုံး ဆင်းလမ်း ပြဿနာကို ဖြေရှင်းနိုင်မယ်လို့ သူတို့က ယုံကြည်ကြတယ်။ အဲသလို ရည်ရွယ်ချက်နဲ့ သူတို့က ဇတ်လမ်းတစ်ခုထွင်ပါတယ်။
အမြန်ဆုံး ဆင်းလမ်း ပြဿနာ ကို တစ်ကမ္ဘာလုံးက သင်္ချာပညာရှင်များ ဖြေရှင်းကြည့်ကြဖို့ ဖိတ်ခေါ်ပါတယ် လို့ ဘယ်နူးလီ ကဖိတ်ခေါ်ခဲ့ပါတယ်။ တကယ်တော့ အခြားသော သင်္ချာဆရာတွေထက် နယူတန်က ဘယ်လိုများ တွက်ချက်မလဲဆိုတာကို သူတို့က အတော်ပဲ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ပါတယ်။ ဒီဇတ်အဆင်ကို နယူတန်က သိပုံမရဘူး၊ မသိရင်လဲ သူက မာနနဲ့ မဖြေပဲ နေလို့ရပါတယ်။ မနေပါဘူး။
နယူတန် တစ်ညလုံးထိုင်တွက်တဲ့ အဖြေက မှန်ပါတယ်။ နယူတန်ရဲ့ တွက်နည်းကို ပုံနှိပ်တဲ့အခါမှာ သူ့နာမည်ကို မဖေါ်ပြခဲ့ပါဘူး။ ဘယ်သူ့နာမည်မှမပါတဲ့ ဒီတွက်နည်းကို လေ့လာကြည့်တော့ ရိုဟန်း ဘယ်နူးလီ က ‘ခြေရာကိုမြင်တာနဲ့ ခြင်္သေ့မှန်း သိပါတယ်’ လို့ မှတ်ချက်ချပါတယ်။ အဲ၊ ရိုဟန်း ဘယ်နူးလီ ကိုယ်တိုင်ကတော့ ဒီပုစ္ဆာဖြေရှင်းဖို့ တစ်ပတ်လောက် အချိန်ပေးခဲ့ရတယ်ဆိုပါတယ်။ နယူတန်ရဲ့ သင်္ချာအစွမ်းအစ အပေါ် သံသယ မရှိနိုင်တော့ပါ။ ဆင်းလမ်းအချို့ရဲ့ အချိန်ကို အောက်က အယ်နီမေးရှင်းမှာကြည့်ပါ။ အတိုဆုံးလမ်းဟာ တကယ်တော့ နှေးဆုံးဖြစ်ပြီး အနီရောင်လမ်းက အမြန်ဆုံးဖြစ်ပါတယ်။

ပညာရှင်တွေဟာ သူတို့ရဲ့ ရှာဖွေတွေ့ရှိမှုနဲ့ ပတ်သတ်လာရင် စိတ်သဘောထားကြီးနိုင်ကြသလို မနာလို သဝန်တိုတာတွေ အကြိတ်အနယ် ပြိုင်ဆိုင်တာတွေ နာမည်ကောင်းဝင်ယူတာတွေ လဲ အမျိုးမျိုးရှိတတ်ကြပါတယ်။ အချင်းချင်း ပညာစမ်းတာ စိမ်ခေါ်တာ မျိုးဟာ ပညာရှင်တွေအကြား မရှားပါဘူး။ အမှန်တရားကို ရှာဖွေကြသူတွေမို့ အရာရာမှာ စိတ်သဘောထား ကြီးကြမယ်လို့ လွယ်လွယ်မှတ်ယူလို့မရနိုင်ပါ။ အထောက်အထားတွေလိုသလို ယူသုံးတာတွေ၊ မရှိတဲ့ အထောက်ထားကို ဖန်တီးပြီးပြောတာ၊ လိမ်တာ စတာမျိုးတွေလဲ သိပ္ပံပညာရှင်တွေမှာ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲ့သလို ပုဂ္ဂိုလ်ရေးအရ အားနည်းချက်တွေဟာ သိပ္ပံပညာ တိုးတက်မှုအပေါ် မလိုလားတဲ့ အကျိုးသက်ရောက်မှုနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ တွက်နည်းတစ်ခုကို ကြည့်တဲ့အခါမှာ ဘယ်သူဘယ်ဝါက ရေးတဲ့ တွက်နည်းမို့ လက်ခံရမယ် ဆိုတာမရှိပါဘူး၊ မှန်တယ်ဆို ဘယ်သူရေးတာပဲဖြစ်ဖြစ် လက်ခံရပါမယ်၊ မှားရင် ဘယ်သူရေးတာပဲဖြစ်ဖြစ် ပယ်ထားရပါမယ်။ နောက်ပြီး ပညာရှင်တွေဟာ သူများရဲ့ရှာဖွေတွေ့ရှိချက် ငါ့ရှာဖွေတွေရှိချက် စတာတွေကို အပြန်ပြန် အလှန်လှန် ယှဉ်ကြည့် စစ်ဆေးကြည့် လုပ်လေ့ရှိပါတယ်။ ဒီနည်းနဲ့တွက်လို့ ဒီအဖြေရရင် အခြားနည်းနဲ့ဆိုရင်ကော ဒီအဖြေပဲရရဲ့လား၊ အဲ့သလို အမျိုးမျိုး စမ်းကြည့်ကြပါတယ်။ အချိန်တွေကြာလာတဲ့အခါမှာ ပုဂ္ဂိုလ်ရေးတွေမကျန်ပဲ ဘယ်ဟာအမှား ဘယ်ဟာ အမှန်ဆိုတာပဲ ကျန်ခဲ့ပါတယ်။ ဒါဟာ သိပ္ပံယဉ်ကျေးမှုရဲ့ အရေးကြီး လက္ခဏာ တစ်ခုပါ။
ဒီနေရာမှာ သင်္ချာပညာရဲ့ တိကျပုံ အကြောင်း ပြောချင်တာလေးတစ်ခုရှိပါတယ်။ နယူတန်လို သင်္ချာ ပညာရှင်တွေရေးတဲ့ ညီမျှချင်းတွေအရဆိုရင် ဆင်းလာတဲ့အရာ တစ်ခုဟာ ဘယ်အချိန်မှာ ဘယ်နှုန်းနဲ့ဆင်းတယ်ဆိုတာကို အတိအကျတွက်ယူလို့ရပါတယ်။ ဒါပေမဲ့ လက်တွေ့ ရုပ်လောကထဲမှာတော့ အဲသလောက် တိကျအောင်မတိုင်းနိုင်ပါဘူး။ စဉ်းစားကြည့်ပါ။ ဆင်းလာတဲ့ အရာတစ်ခုရဲ့ အဆင်းနှုန်းကို ဘယ်လိုတိုင်းမလဲ။ ထိုအရာကို အကောင်းဆုံးသော ကင်မရာနဲ့ ဓာတ်ပုံရိုက်မယ်ဆိုပါစို့။ ဓာတ်ပုံတစ်ပုံတည်းကတော့ ထိုအရာရဲ့ ရွေ့လျားနှုန်းကို မပြောနိုင်ဘူး။ အနည်းဆုံး အချိန် နည်းနည်းလေးခြားပြီး နောက်တစ်ပုံ ထပ်ရိုက်ဖို့လိုတယ်။ ဒီပုံနှစ်ပုံအကြားမှာ ကြာခဲ့တဲ့ အချိန်ကာလနဲ့ ရွေ့လျှားခဲ့တဲ့ အကွာအဝေးကို သိရမှ ရွေ့လျားနှုန်းကို တွက်လို့ရမယ်။ ဒါဟာ ထိုကာလရဲ့ ပျမ်းမျှနှုန်းသာဖြစ်တယ်၊ ထိုကာလအတွင်းမှာ အဆင်းနှုန်း ပြောင်းလဲနိုင်တယ်ဆိုရင် ထိုနှုန်းဟာမတိကျပါဘူး။ တစ်ခုတည်းသော အချိန်မှတ်တစ်ခုမှာ ဘယ်နှုန်းဆိုတာကို မတိုင်းနိုင်ဘူး။ ဒါကြောင့် လက်တွေ့မှာ ဓာတ်ပုံတစ်ပုံတည်းကြည့်ပြီး ရွေ့လျားနှုန်း ဘယ်လောက်လို့ မပြောနိုင်ပေမဲ့ ထိုအချိန်မှာ ရွေ့လျားနှုန်း ဘယ်လောက်ဆိုတာကို သင်္ချာနဲ့ တွက်ယူလို့ရတယ်။ လက်တွေ့မှာ ဘယ်လိုမှ မသိနိုင်တဲ့ အချက်ကို သင်္ချာနည်းနဲ့ တွက်ယူနိုင်တယ်၊ သင်္ချာနည်းနဲ့ ရလာတဲ့အသိကသာ ပိုပြည့်စုံနေတယ်။
နတ်ပြည်က ပို့လိုက်တဲ့ စာလုံးများ
ပူပြင်းခြောက်သွေ့တဲ့ နွေရာသီ ရောက်ရင် မြန်မာပြည်က အညာဒေသတွေမှာ ဖုန်ထူတာ မထူးစမ်းပါဘူး။ အဲသလိုပဲ အမေရိကန်နိုင်ငံ မြောက်ပိုင်းက ဗာမော့ပြည်နယ်မှာ ဆောင်းရာသီ အေးတဲ့ကာလတွေမှာ နှင်းထူထူကျတာဟာ မထူးစမ်းပါဘူး။ ကျတဲ့ နှင်း ပမာဏကလဲ မနည်းပါဘူး၊ ဆောင်းတွင်း တစ်ခုလုံးမှာ ကျတဲ့ နှင်း ထုထည်ဟာ ပျမ်းမျှအားဖြင့် အမြင့် ၄ ပေ ကနေ ၁၀ ပေလောက် အထိ ထူပါတယ်။ ထိုဒေသမှာနေထိုင်သူတွေ အတွက်က နှင်းဆိုတာ နှစ်တိုင်း ကြုံတွေ့ရတဲ့ အရာပါ၊ သူနဲ့ သဟဇာတဖြစ်အောင် နေထိုင်ရမဲ့ အရာတစ်ခုပါ။ မိုးလေဝသဟာ အစိုးမရတဲ့ ကိစ္စတစ်ခုပဲ မဟုတ်လား။
နွေရာသီမှာ တစ်ထောင်းထောင်းထတဲ့ ဖုန်မှုန့်လေးတွေကို အညာဒေသက လူငယ်တစ်ယောက်က လေ့လာချင်ပါတယ်လို့ဆိုရင် သူ့မိဘတွေ ဘာများပြောလေမလဲ၊ သူ့ ပတ်ဝန်းကျင်က လူတွေ ဘယ်လို ထင်ကြလေမလဲ။ “ဒီကောင်လေး နောက်စရာ ပြောင်စရာ ပြောနေတာ” လို့ ထင်ကောင်းထင်ကြမှာပါ။ ဒါကြောင့် ၁၈၈၀ ခုနှစ် ဝန်းကျင်လောက်မှာ ဗာမော့ပြည်နည်က တောသားလေး တစ်ယောက်ဟာ ဆောင်းတွင်းမှာ တဖွဲဖွဲ ကျတဲ့နှင်းကို လေ့လာချင်တယ် လို့ပြောတဲ့အခါ သူ့မိဘတွေ ပတ်ဝန်းကျင်က အသိမိတ်ဆွေတွေ ဘယ်လို တုံ့ပြန်ကြမလဲ စိတ်ကူးကြည့်နိုင်ပါတယ်။ နှင်းကျပြီဆို သွေးခဲမတတ် အေးတာမို့ လူတိုင်းလိုလို အိမ်ထဲမှာ နေပြီး မီးစာလှုံချင်နေကြတဲ့ အချိန်မှာ သူက ဘာကြောင့်များ ရေခဲတောထဲ ထွက်ချင်ရတာလဲ။ နှင်းတွေ တဖွဲဖွဲကျတဲ့အခါ လယ်ယာအလုပ်လုပ်သူတွေ အလုပ်မလုပ်နိုင်လို့ အနားယူနေကြတဲ့ အချိန်မှာ သူက ဘာကြောင့် ငြိမ်ငြိမ်မနေပဲ အလုပ်မရှိ အလုပ်ရှာချင်ရတာလဲ။ သူငယ်ငယ်လေး ကတည်းက သူ့ စိတ်အာရုံကို တကယ် ဆွဲဆောင်ခဲ့တာက နှင်းပါပဲတဲ့။
ဝီလဆင် အယ်လဝင် ဘင့်တလေ ကို ၁၈၆၅ခု ဖေဖဝါရီလ ၉ ရက်နေ့မှာ အမေရိကန်နိုင်ငံ ဗာမော့ပြည်နယ်မှာ မွေးပါတယ်၊ မိဘတွေက လယ်အလုပ်လုပ်သူတွေပါ။ သူ့ကို ကျောင်းမပို့ပဲ သူ့အမေက အိမ်မှာပဲ စာသင်ပေးခဲ့ပါတယ်။ သူက ငယ်ငယ်လေးကတည်းက သဘာဝ အပင်တွေ အကောင်တွေ ကို စိတ်ဝင်စားခဲ့တယ်ဆိုပါတယ်၊ မိုးလေဝသ အခြေနေတွေကိုလဲ နေ့တိုင်းလိုလို မှတ်တမ်းရေးခဲ့ပါတယ်။ အဲ၊ သူစိတ် အဝင်စားဆုံးသော အရာကတော့ နှင်းပါ၊ အထူးသဖြင့် နှင်းပွင့်လေးတွေရဲ့ ပုံသဏ္ဍာန် ကိုသူက အရမ်းသိချင်တယ်။ သူ အသက်အရွယ် ၁၅ နှစ်လောက်မှာ သူ့အမေက သူကို မိုင်ခရိုစကုပ် ခေါ် အဏုကြည့်မှန် တစ်ခု မွေးနေ့လက်ဆောင်အဖြစ် ဝယ်ပေးခဲ့ပါတယ်။ နှင်းပွင့်လေးတွေကို မိုင်ခရိုစကုပ် နဲ့ အနီးကပ် ကြည့်လိုက်တဲ့အခါမှာ သူနဲ့ နှင်းပွင့်လေးတွေရဲ့ တစ်သတ်တာ အချစ်ဇတ်လမ်း စတင်ပါတော့တယ်။
နှင်းပွင့်ကလေးတွေဟာ လှတယ်၊ ဒါပေမဲ့ ဇီဇာကြောင်လွန်းတဲ့ သမီးရီးစားမျိုးပါ။ သာမန် မျက်စေ့နဲ့ မမြင်နိုင်အောင် သေးပြီး အလွန်ပဲ နူးညံ့ လွန်းပါတယ်၊ နည်းနည်းလေးမှလဲ အထိမခံပါဘူး။ အိမ်ထဲယူသွားရင် အိမ်အပူချိန်ကြောင့် ခဏလေးနဲ့ အရည်ပျော်သွားပါတယ်၊ လက်ပေါ်တင်ထားရင်တောင် ကိုယ်အပူချိန်ကြောင့် အရည်ပျော်သွားပါတယ်။ နှင်းကျတဲ့အခါမှာလဲ တပွင့်စီ ကို ဖမ်းဖို့က မလွယ်ပါ၊ အစုလိုက်တွဲကျတဲ့အခါ ခွဲဖို့ကြိုးစားရင် ပုံပျက်သွားလေ့ရှိပါတယ်။ အခက်မသင့်ရင် လေထဲလွင့်ပျံသွားပါတယ်။ စိတ်ကောက်လွယ်တဲ့ နှင်းနဲ့ မိတ်ဖွဲ့ဖို့က တကယ်တော့ မလွယ်တဲ့ အရေးတစ်ခုပါ။
နှင်းပွင့်လေးတွေကို အသေးစိတ်မြင်ချင်တဲ့ ဘင့်တလေ ဟာ နှင်းကျတဲ့အခါမှာ မိုင်ခရိုစကုပ် ကို နှင်းတောထဲ ယူသွားပြီး အသင့်ပြင်ထားရပါတယ်။ ပြီးရင် သူကြည့်ချင်တဲ့ နှင်းပွင့်တခုစီကို ယုယုရရ ဖမ်းယူပါတယ်။ ပြီး မှ မိုင်ခရိုစကုပ် အောက်မှာထားကြည့်ရပါတယ်။ အဲသလိုနဲ့ အလွန်လှပတဲ့ နှင်း ပုံသဏ္ဍာန် တွေကို သူ စတင် မြင်ခွင့်ရပါတယ်။ တစ်ခါခါမှာ သူမြင်ရတဲ့ နှင်းပုံတွေကို ကြိုက်လွန်းလို့ ပုံဆွဲထားဖို့ ကြိုးစားပါတယ်။ ဒါကတော့ မဖြစ်နိုင်ပါဘူး။ နှင်းတောထဲ ခဏလေးထွက်နေတာနဲ့ လက်ဖျားတွေ ချက်ချင်းအေးစိမ့်ပြီး စထုံလာမယ်၊ မကြာခင်မှာ လက်ချောင်းထဲက အကြောတွေ တောင့်ပြီး ကောင်းကောင်း မရွှေ့လျားနိုင်တော့ပါဘူး။ မအေးအောင် လက်အိပ်ဝတ်ထားရင် ခဲတံလို အရာတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါဘူး။ အဲ့သလို အခြေအနေမှာ ပုံဆွဲဖို့ကတော့ အတော်လေးမလွယ်ပါဘူး။
ဒါပေမဲ့ ဘင့်တလေ ဟာ အလျော့မပေးပါဘူး။ ပုံဆွဲဖို့ အဆင်မပြေတော့ အခြားနည်းတစ်ခု ရှာကြံပါတယ်။ သူ့အိမ်မှာရှိတဲ့ ကင်မရာကြီးတစ်ခုကို မိုင်ခရိုစကုပ် တေ့ပြီးဆက်ထားလိုက်ပါတယ်၊ မိုင်ခရိုစကုပ်ရဲ့ မြင်ကွင်းက ကင်မရာရဲ့ မြင်ကွင်းနဲ့ ဆက်သွားအောင်ပါ။ ထိုခေတ်က ကင်မရာတွေဟာ ဓာတ်ပုံရိုက်ရင် ရွက်ရှင် လို့ခေါ်တဲ့ အလင်းဝင်ပေါက်ကို တစ်မိနစ်ကျော်ကျော် ဖွင့်ထားပေးရပါတယ်။ ထိုအချိန်အတောအတွင်းမှာ နှင်းကို မလှုပ်အောင်၊ အရည်မပျော်အောင် ထိန်းထားဖို့လိုပါတယ်။ လေတိုးရင်၊ အသက်ရှုပြင်းသွားရင်တောင် နှင်းပွင့်က လွင့်ထွက်သွားနိုင်တယ်။ ဖြူတဲ့ နှင်းပွင့်ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ နောက်ခံ မဲမဲ လိုပါတယ်၊ သူက ကျောက်သင်ပုန်း အစလေးတွေကို ယူသုံးပါတယ်။ နည်းအမျိုးမျိုးနဲ့ ကြိုးစားရင် ၁၈၈၅ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့မှာ သူဟာ ပထမဆုံး နှင်းပုံတစ်ပုံကို အောင်အောင်မြင်မြင် ရိုက်နိုင်ခဲ့ပါတယ်။ ဒါဟာ သမိုင်းမှာ ပထဆုံးသော နှင်းဓာတ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံလဲရရော သူ့မှာ ပျော်လွန်းလို့ ထိုင်ခုံပေါ်က ပြုတ်ကျမတတ်ပါပဲတဲ့၊ ပုံကိုလဲ ကြိုက်လွန်းလို့ ဒူးထောက်ပြီး ရှိခိုးချင်တယ်လို့ ဘင့်တလေက ဆိုပါတယ်။

ထိုအချိန်က စပြီး ဆောင်းရာသီရောက်တိုင်း သူစိတ်ကြိုက် နှင်းပွင့်လေးတွေကို နှင်းတောထဲ လိုက်ရှာပြီး ဓာတ်ပုံရိုက်တာ ဓာတ်ပုံပေါင်း ၅၀၀၀ ကျော်ကျော်ရပါတယ်။ ကုန်ကျစရိတ် သူပဲ ခံရပါတယ်။ တခါခါမှာ ရွှေပန်းထိမ် လုပ်သူတွေဟာ လှတဲ့ နှင်းပွင့်ပုံတွေ သူ့ဆီက ဝယ်ပါတယ်၊ လက်ဝတ်ရတနာ လုပ်တဲ့အခါမှာ ပုံတူယူချင်ကြလို့ပါ။

ဘင့်တလေ ဟာ တက္ကသိုလ်တွေဘာတွေ ရောက်ဖူးတဲ့ ပညာတတ်မျိုးမဟုတ်ပါ၊ သိပ္ပံပညာရှင်လို့လဲ မခေါ်နိုင်ပါဘူး။ သူဟာ သူဝါသနာပါတဲ့ အလုပ်တစ်ခုကို ဇွဲလုံ့လနဲ့လုပ်ကိုင်တဲ့သူပါ။ သိပ္ပံပညာတိုးတက်ဖို့အတွက် ဆိုနိုင်သလို အလှတရားကို ခံစားချင်တဲ့စိတ်နဲ့ လုပ်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ နှင်းပွင့်တွေ ထောင်ပေါင်းများစွာကို လေ့လာကြည့်တဲ့ခါမှာ နှင်းပွင့်အများစုဟာ ထောင့် ၆ ခု ပါတဲ့ ဆဋ္ဌဂံ ပုံသဏ္ဍာန်တွေ ဖြစ်တာ၊ နောက်ပြီး နှင်းပွင့်တွေဟာ တစ်ပွင့်နဲ့တစ်ပွင့် ပုံသဏ္ဍာန် မတူတာကို သူသိရပါတယ်။ ဒါကြောင့် မရေတွက်နိုင်အောင်များတဲ့ နှင်းပွင့်တွေထဲမှာ လုံးဝ ဆင်တူတဲ့ နှင်းပွင့် နှစ်ပွင့်ရယ်လို့ မရှိဘူးလို့ သူက ကြေငြာခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မပြိုင်ဆိုင်ပဲ အတုမရှိ လှနေကြတဲ့ နှင်းပွင့်လေးတွေပါ။
သူလုပ်တဲ့ အလုပ်မှာ သဘာဝအလှကို ဖေါ်ထုတ်တဲ့သဘော၊ အနုပညာခံစားမှုသဘောတွေ အများကြီးပါနေပေမဲ့ သူ့အလုပ်ဟာ သိပ္ပံပညာအတွက် တန်ဖိုးရှိလှပါတယ်။ သီပေါမင်း ပါတော်မူတဲ့ ခေတ်က နည်းပညာတွေ ကိရိယာတွေကို သုံးခဲ့ပေမဲ့ သူ့ပုံတွေကောင်းလွန်းလို့ သိပ္ပံပညာရှင်တွေ သူပုံကိုပဲ လေ့လာခဲ့ကြပါတယ်။ သူထက်ကောင်းအောင် ဓာတ်ပုံရိုက်နိုင်ဖို့ နှစ်ပေါ်င်း ၆၀ လောက် စောင့်ခဲ့ရပါတယ် ဆိုပါတယ်။ သူဟာ ပရောဖက်ဆာ ဘင့်တလေ မဖြစ်ခဲ့ပေမဲ့ သူ့ ကို နှင်းပွင့် ဘင့်တလေ လို့ ကင်ပွန်းတပ်ခြင်းခံခဲ့ရပါတယ်။

၁၉၃၁ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ သူ့ ဒိုင်ယာရီစာအုပ်ထဲမှာ မိုးလေဝသ မှတ်တမ်းရေးပါတယ်၊ “ညနေ မြောက်လေအေးတယ်၊ နှင်းတွေပျံဝဲနေတယ်”။ အဲသလို ရေးပြီး မကြာခင် တစ်ရက် နှင်းကျချိန်မှာ သူအပြင်ထွက်လမ်းလျှောက်ပါတယ်။ အဲ့သလိုနဲ့ နယူမိုးနီးယားမိပြီး ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၆၆ နှစ်ရှိပါပြီ။ သူမကွယ်လွန်ခင်မှာ သူရိုက်ခဲ့တဲ့ ဓာတ်ပုံအချို့ကို စုပြီး စာအုပ်ထုတ်ခဲ့ပါတယ်။ ဓာတ်ပုံမူရင်းတွေကို ပြတိုက်တစ်ခုကို လှူခဲ့ပါတယ်။
ဘင့်တလေ ကွယ်လွန်တဲ့ နှစ် ၁၉၃၁ခုနှစ် မှာပဲ သူထုတ်ခဲ့တဲ့ နှင်းဓာတ်ပုံစာအုပ်ကိုဂျပန်နိုင်ငံက သိပ္ပံပညာရှင်တစ်ယောက်ဟာ ဖတ်မိပါတယ်။ ထိုပညာရှင်ကတော့ ဂျပန်နိုင်ငံ မြောက်ဖက်အစွန်ပိုင်း ဟိုကိုင်းဒိုမြို့က တက္ကသိုလ်မှာ လက်ထောက် ပါမောက္ခရာထူး ပူပူနွေးနွေး ခန့်ထားရသူပါ။ ဒေါက်တာ နာကေးရ ဟာ ရာထူအသစ်ရပြီးနောက် ဘာအကြောင်းအရာကို သူတေသနလုပ်ရင်ကောင်းမလဲ စဥ်းစားနေတုန်း ဘင့်တလေရဲ့ စာအုပ်ကို ကိုင်မိတာပါ။ သူရောက်လာတဲ့ တက္ကသိုလ်ကလဲ သူ့ သုတေသန လုပ်ငန်းအတွက် ငွေကြေးကိရိယာအားဖြင့် အများကြီးမထောက်ပံ့နိုင်တော့ သူလဲပဲ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်ပါ။ ဟိုကိုင်းဒို တက္ကသိုလ်မှာ ငွေကြေးဥစ္စာ ချို့တဲ့ပေမဲ့ ဖောဖောသီသီ ရှိတာတော့ တစ်ခုရှိပါတယ်၊ နှင်းပါ။ ထိုမြို့မှာ နှင်းအရမ်းကျလေ့ရှိပါတယ်။ သူဟာ ရူပဗေဒနဲ့ ပါရဂူဘွဲ့ ပေမဲ့ နှင်းကိုပဲ သုတေသနလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒေါက်တာ နာကေးရ ဟာလဲ နှင်းပွင့် ဘင့်တလေ လိုပဲ နှင်းနဲ့ ပတ်သတ်လို့ ငယ်ဇတ်လမ်း တစ်ခု ရှိခဲ့ပါတယ်။ ဒေါက်တာ နာကေးရ ရဲ့ ငယ်နာမည်က ယူခီချိရို နာကေးရ ပါ။ သူ့ကို ၁၉၀၀ခုနှစ် ဇူလိုင် ၄ရက်နေ့မှာ ကာဂ မြို့နားမှာ မွေးပါတယ်။ ထိုဒေသမှာ ရေပူစမ်းတွေ ပေါ်တယ်လို့ နာမည်ကြီးပါတယ်။ အခြားနာမည်ကြီးတာ တစ်ခုကတော့ အက်စုမြောက်ပိုင်းနှင်းပုံပြင်များ လို့ခေါ်တဲ့ ဂျပန်ရိုးရာ စွယ်စုံကျမ်းပါ။ ထိုကျမ်းမှာ ပါတဲ့ ပုံပြင်တွေဟာ နှင်းပေါတဲ့ သူဇာတိဒေသမှာ အခြေခံတာဖြစ်ပါတယ်။ သူကျောင်းသားအရွယ်မှာ ၁၈၃၇ ခုနှစ်ထုတ် စွယ်စုံကျမ်းကိုဖတ်ရင်း ကျမ်းထဲက နှင်းပုံလေးတွေကို သူစိတ်ဝင်စားမိပါတယ်။ သူ့အဖေက သူ့ကို အိုးဖုတ်လုပ်ငန်းလုပ်စေချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ့ငယ်ငယ်လေးနဲ့ သူ့အဖေဆုံးသွားတာမို့ အိုးအလုပ်မလုပ်ပဲ သူက အထက်တန်းကျောင်းတက်ရင်း ရူပဗေဒ ကို စိတ်ဝင်စားခဲ့ပါတယ်။ သင်္ချာနဲ့ ရူပဗေဒ ထူးချွန်တာမို့ သူဟာ ပါရဂူဘွဲ့ ရတဲ့အထိ သုတေသနပြုရင်း ပညာသင်ယူခဲ့ပါတယ်။ ဒီနောက်မှာ ဟိုကိုင်းဒိုမြို့က တက္ကသိုလ်မှာ လက်ထောက် ပါမောက္ခရာထူး ခန့်ခံရပြီး ဘင့်တလေ ရဲ့ နှင်းပုံတွေကို တွေ့ရလို့ သူငယ်ငယ် စိတ်ဝင်စားခဲ့တဲ့ နှင်းပွင့်တွေကို ပြန်သတိရလာတာ ဖြစ်ပါတယ်။

ဒေါက်တာ နာကေးရ ဟာ ဘင့်တလေ ရိုက်ခဲ့တဲ့ နှင်းပုံ တွေကိုကြည့်ရင်း အလွန်းပဲ ပီတိဖြစ်မိပါတယ်။ သူ့ဓာတ်ပုံတွေ ကိုကြည့်ရင်း နှင်းပွင့်လေးတွေရဲ့ အရွယ် အမျိုးအစား ပုံသဏ္ဌာန် စုံလင်မှုကြောင့် အံ့ဩမိတယ်။ နှင်းပွင့်တွေ ဘာကြောင့်ဖြစ်လဲ ဘယ်လို ဖြစ်ပေါ်လာသလဲ ဆိုတာကို စုံစမ်းကြည့်ဖို့ သူဆုံးဖြတ်လိုက်ပါတယ်။
ဒေါက်တာ နာကေးရဟာ သိပ္ပံပညာရှင်ပါ၊ နှစ်ပေါင်းများစွာ သိပ္ပံ သင်တန်းတက်ထားသူပါ။ လောကမှာ ဘာတွေ ဘယ်လိုဖြစ်တယ် ဆိုတာကို ပါးစပ်နဲ့ ထိုင်ပြောလို့ရပါတယ်၊ ဒါကို လူတိုင်း လုပ်တတ်ပါတယ်၊ မခက်ပါဘူး။ ကိုပြောတာ မှန်ကြောင်းကို လက်တွေ့မှာ သက်သေပြဖို့ကတော့ လွယ်လေ့မရှိပါဘူး၊ ခက်ခဲတတ်ပါတယ်။ သိပ္ပံပညာရှင် တစ်ယောက် အတွက်ကတော့ အရာတစ်ခုခုကို သေသေ ချာချာ နားလည်ချင်ရင် ထိုအရာကို ဖန်တီးပြရမယ် ဆိုတာပါပဲ။ ဘယ်သို့ ဘယ်ပုံကြောင့် နှင်းဟာ ဖြစ်ပေါ်လာတယ်လို့ ပြောပေမဲ့ လက်တွေ့မှာ နှင်းကို မဖန်တီးပြနိုင်ဘူးဆိုရင် ထိုနာလည်မှုဟာ မပြည့်စုံပါဘူး။ ဒါကြောင့် နှင်းကို ကိုယ်တိုင် ဖန်တီးကြည့်ဖို့ ဓာတ်ခွဲခန်း တစ်ခုတောင်းတော့ သူ့ကို အခန်းငယ်လေး တစ်ခု သူ့တက္ကသိုလ်က ပေးတယ်ဆိုပါတယ်။
ရေဟာ အရမ်းအေးရင် ရေခဲဖြစ်တယ်။ နှင်း ကရော ဘယ်လို ဖြစ်တာလဲ။ ၁၉၃၀ ခုနှစ် ဝန်းကျင်က သိပ္ပံပညာ နားလည်မှုအရဆိုရင် နှင်း ဟာ ကောင်းကင်ပေါ်မှာ ဖြစ်တဲ့အတွက် ရေငွေ့တွေ အရမ်းအေးသွားလို့ ဖြစ်လာရတယ်လို့ ဆင်ခြင်ကြည့်ကြပါတယ်။ ဒါကြောင့် သူ့ဓာတ်ခွဲခန်းထဲမှာ ရေငွေ့အများကြီးပါတဲ့ လေထုကို ဗူးနဲ့ဖမ်းပြီး အရမ်းအေးအောင် လုပ်လိုက်တဲ့အခါမှာ နှင်းပွင့်လေးတွေ… မဖြစ်လာပါဘူး။ ရေငွေ့တွေက ခဲသွားပါတယ်၊ ဒါပေမဲ့ သဘဝ အလျှောက် ဖြစ်တဲ့ နှင်းတွေမှာ တွေ့ရလေ့ ရှိတဲ့ ဆဋ္ဌဂံ နှင်းပွင့်ပုံ သဏ္ဌာန်မထွက်ပဲ ရေငွေ့တွေ သွားတည်မိတဲ့ ချည်ကြိုးမှာ ခူကောင်တွေလို တွဲနေပါတယ်။ နှင်းမဖြစ်ပဲ ရေငွေ့ခဲ ဖြစ်သွားတာပါ။
စာတွေ့အရဆို အပူအအေး၊ ပြီးတော့ လေထဲက ရေငွေ့ပမာဏကို ထိန်းနိုင်ရင် နှင်းပွင့်တွေ ဖန်တီးလို့ရပါပြီ။ လက်တွေ့လုပ်ကြည့်တော့ မရဘူး။ စာတွေ့ အသိက မမှန်လို့တော့မဟုတ်၊ မပြည့်စုံသေးလို့။ အခြားဘာလိုသေလဲ ဆိုတာကို သူသုံးနှစ်လောက်နီးနီး စမ်းသပ်ကြည့်ပါတယ်၊ ချည်ကြိုးအစား အခြားသော ရုပ်ပစ္စည်း အမျိုးမျိုး အစားထိုးကြည့်ပါတယ်၊ တစ်ခုနဲ့မှ အလုပ်မဖြစ်ပါ။
နှင်းပွင့်တစ်ပွင့် ဖြစ်ဖို့က ပထမဆုံး ဗဟိုက စပြီးခဲရပါမယ်၊ ဒီဗဟိုခဲပြီးမှ သူ့ကို အခြားရေငွေ့တွေလာကပ်ကြပါလိမ့်မယ်။ အဲ့သလို လာကပ်တဲ့အခါမှ ဆဋ္ဌဂံပုံ စတည်ပါတယ်။ ဒါပေမဲ့ ဒီဗဟိုကိုပဲ အရင်စခဲအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာကို ဘယ်သူကမှ မသိပါဘူး။ ဒေါက်တာ နာကေးရလဲ မသိပါဘူး။
အဲ့သလို လမ်းပျောက်နေတဲ့ ကာလတွေမှာ သူ့ခမျာ စိတ်ဓာတ်ကျေေ ကောင်းကျနိုင်ပါတယ်။ ဓာတ်ခွဲခန်းကို သွားတဲ့နေ့တွေမှာ လမ်းမှာ နှင်းကျတာနဲ့ တိုးပါလိမ့်မယ်။ နှင်းပွင့်လေးတွေဟာ သူ့ကို ပြက်ရယ်ပြုနေသလား သူခံစားရမှာ အမှန်ပါပဲ။ သူ ကိုယ်ပိုင် ဖန်တီးဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ တစ်ခါတောင်မှ မအောင်မြင်ခဲ့တဲ့ အရာဟာ မရေမတွက်နိုင်အောင် ကောင်းကင်ပေါ်က ကျနေတယ်။ “မင်းအတွက် ခက်နေတာတော့ ဝမ်းနည်းပါတယ်၊ ငါတို့အတွက်ကတော့ အားစိုက်ဖို့တောင် မလိုဘူး” လို့ နှင်းတွေ ရယ်ပြီး ပြောနေသလို ခံစားရမှာပဲ။ ဒါပေမဲ့ နှင်းပွင့်တွေရဲ့ လျို့ဝှက်ချက်ကို သူ မကြာခင်ပဲ တွေ့ရှိတော့မှာပါ။
တစ်နေ့မှာ တက္ကသိုလ်ရောက်တော့ သူ့ ဓာတ်ခွဲခန်းထဲက ယုန်မွေးပါ ကုတ်အင်္ကျီ တစ်ထည်မှာ နှင်းပွင့် တစ်ပွင့်ကပ်နေတာကို သူတွေ့ရပါတယ်။ ဒါနဲ့ တစ်မျှင်တည်းသော ယုန်မွေးကို ရေငွေ့ဗှုးထဲပြီး အအေးပေးလိုက်တော့ နှင်းတစ်ပွင့် ယုန်မွေးထိပ်မှာ လာ တည်နေတာကို သူမြင်ရပါတယ်။ သဘာဝအတိုင်းဖြစ်တဲ့ နှင်းပွင့်တွေလိုပဲ ဆဠဂံပုံထွက်ပါတယ်။ ဒါဟာ ကမ္ဘာသမိုင်းမှာ ပထမဆုံးသော လူလုပ်တဲ့ နှင်းဖြစ်ပါတယ်။ ထိုနေ့က မတ်လ ၁၂ ရက် ၁၉၃၆ ခုနှစ်ပါ။
၁၉၃၆ ဟာ မြန်မာနိုင်ငံ သမိုင်းမှာ အရေးပါတဲ့ နှစ်ဖြစ်ပါတယ်။ ဒေါက်တာ နာကေးရ မအောင်မြင်ခင် တစ်လ လောက် အရင် ဗမာလူငယ်ကျောင်းသားနှစ်ယောက်ဟာ ရန်ကုန်တက္ကသိုလ်ကနေ ကျောင်းအထုတ်ခံရပါတယ်။ နောင်တချိန်မှာ ခေါင်းဆောင်အသီးသီး ဖြစ်လာမဲ့ ကိုအောင်ဆန်းနဲ့ ကိုနု တို့ပါ။ နောက် ၄ နှစ်လောက်အကြာမှာ ကိုအောင်ဆန်းဟာ ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်လာမှာဖြစ်ပါတယ်။
ပထမနှင်းပွင့်ကို အောင်မြင်စွာ လုပ်ပြီးရော ဒေါက်တာ နာကေးရ ဟာ အအေးချိန်နဲ့ ရေငွေ့ အချိုးအစား အမျိုးစုံကို စမ်းသပ်ကြည့်ပါတယ်၊ သူထင်တဲ့အတိုင်းပဲ ရေငွေ့ပမာဏနဲ့ အအေးချိန် မတူရင် ဖြစ်လာတဲ့ နှင်းပွင့်ပုံသဏာန် မတူပါဘူး။ သူ့တွေ့ရှိချက်တွေကို သူက ပုံနဲ့ အခုလို အကျဥ်းချုပ်ပြပါတယ်။

အလျားလိုက်မျဥ်းက အပူချိန် အနည်းအများကို ပြတာ၊ ထောင်လိုက်မျဥ်းက လေထုမှာ ရေငွေ့ သိပ်သည်းမှု ပမာဏကိုပြတာ။ ဒါကြောင့် သဘာဝအလျောက်ဖြစ်တဲ့ နှင်းပွင့်လေးတွေရဲ့ ပုံသဏ္ဌာန်ကို ကြည့်ရင် ထိုနှင်းပွင့်ဖြစ်လာတဲ့ ကောင်းကင်ပေါ်မှာ ဘယ်လောက်အေးတယ်၊ ရေငွေ့သိပ်သည်းမှု ဘယ်လောက်ရှိတယ်ဆိုတာကို အတိကျပြောနိုင်တယ်။ နတ်တွေနေတဲ့ ကောင်းကင်က ကျလာတဲ့ နှင်းပွင့်လေးတွေကို စာလုံးလေးတွေအလား ဖတ်ကြည့်လို့ရတယ်။
အခုတော့ ကိုယ်လိုချင်တဲ့ နှင်းပွင့်ပုံကို ဓာတ်ခွဲခန်းထဲမှာ လုပ်ယူနိုင်ပါပြီ။ နတ်ပြည်က စာကိုဖတ်နိုင်သလို နတ်ပြည်ကိုလဲ စာပြန်ပို့နိုင်ပါပြီ။
အလွန်အေးစက်တဲ့ အရာတွေနဲ့ နှစ်ပေါင်းများစွာ အလုပ်လုပ်ရတာ မလွယ်ပါ။ ဂျပန်နိုင်ငံဟာလဲ စစ်ပွဲတွေနဲ့ကြုံနေရပါတယ်။ သူနှစ်ပေါင်း ၂၀ ကျော်ကြာအောင် လေ့လာထားတဲ့ နှင်းပွင့်အကြောင်းရေးထားတဲ့ စာအုပ်ကို ထုတ်ဖို့ ထုတ်လုပ်သူကို ပေးထားနေတုန်း ပုံနှိပ်တိုက်ဟာ ဒုတိယ ကမ္ဘာစစ် ဗုံးမှန်ပြီး စာအုပ်မူရင်းရော ရိုက်မဲ့ စာစီထားတဲ့ ပုံနှိပ်ပြားတွေရော အကုန်ပျက်ဆီးကုန်ပါတယ်။ သူဟာ အရှုံးပေးမဲ့လူတော့ မဟုတ်ပါ။ လုပ်ဖေါ်ကိုင်ဖက်တွေရဲ့ အကူအညီနဲ့အတူ စာပြန်ရေးပြီး ၁၉၅၄ ခုနှစ်မှာ သူ့စာအုပ်ကို အင်္ဂလိပ်လို ထုတ်ခဲ့ပါတယ်။ ထိုစာအုပ်ထဲက အခန်းတိုင်းဟာ ရွှေတွင်းတစ်ခုလို တန်ဖိုးရှိ အချက်လက်တွေနဲ့ ပြည့်နေတယ် လို့ ပညာရှင်တစ်ယောက်က သုံးသပ်ပါတယ်။
Protected: သင်္ချာမှုပြုခြင်း – ၁
ကမ္ဘာကြီး ဘယ်လောက်ကြီးလဲ။
ကမ္ဘာကြီးဟာ ထုစက်ဝန်းပုံရှိတာ လူတိုင်းသိပါတယ်။ အဲသလို သိကြတာ နှစ် ထောက်ပေါင်းများစွာရှိနေပါပြီ။ ဘယ်သူဘယ်ဝါက မထမဆုံးစ သိတယ် ဆိုတာကိုတော့ ပြောရခက်ပါတယ်။ ကျန်ရစ်ခဲ့တဲ့ သမိုင်းအထောက်အထားတွေအရဆိုရင် နှစ်ပေါင်း နှစ်ထောင့်ငါးရာကျော်က ရှေးဂရိလူမျိုး အတွေးအခေါ်ပညာရှင်တွေ ဒါကို ရိပ်မိနေကြပြီ ဆိုတာကို ပြောနိုင်ပါတယ်။ ထိုခေတ်က အချို့သော သင်္ချာပညာရှင်တွေ ကမ္ဘာရဲ့ စက်ဝန်းကို အတိကျတိုင်းဖို့တောင် ကြိုးစားခဲ့ကြတယ်။ နည်းပညာမပြောပါနဲ့ တိုင်းစရာ ပေတံရယ်လို့ ဖျောင့်တာ ဘာမှမရှိတဲ့ လူတွေဟာ ကမ္ဘာ့စက်ဝန်းကို ဘယ်လိုလုပ် တိုင်းနိုင်မှာလဲလို့ မေးချင်စရာပါ။ သူကျင်လည်နေရတဲ့ ခေတ်တိုးတက်မှုကို လူရဲ့အသိပညာ၊ သူရဲ့ စဥ်းစာတွေးခေါ်နိုင်စွမ်းဟာ ကျော်ဖြတ်သွားနိုင်ပါတယ်။
အီရတိုစသီးနဲ့စ် (Eratosthenes) ကို ခရစ်မပေါ်ခင် ၂၇၆ ခုနှစ် ဝန်းကျင်မှာ မြောက်အာဖရိက ဒေသက ခူရဲနေ မြို့မှာ မွေးပါတယ် (အခုခေတ် လစ်ဗျားနိုင်ငံက ဆိုင်ရီးနေ မြို့ဖြစ်ပါတယ်)။ ငယ်ရွယ်စဉ်က အေသင်မြို့မှာ ပညာရပ်မျိုးစုံ သင်ယူခဲ့ပြီး သူ့အသက်အရွယ် ၃၀ လောက်မှာ အီဂျစ်ဘုရင်က အဲလက်ဇန်းဒရီးယားမြို့က စာကြည့်တိုက်မှာ စာကြည့်တိုက်မှူး အဖြစ် သူ့ကို အလုပ်ခန့်ခဲ့ပြီး ၅နှစ်လောက်အတွင်းမှာ သူဟာ စာကြည့်တိုက်အုပ် ဖြစ်လာပါတယ်။ ထိုစာကြည့်တိုက်ဟာ ပရပိုက်တွေ စာပေကျန်းဂန်တွေနဲ့ စုံလင်လှတယ်လို့ ခေတ်အဆက်ဆက်မှာ နာမည်ကြီးခဲ့ပါတယ်။ ထိုအချိန်ဟာ ပျူလူမျိုးတွေ ယူနန်ပြည်နယ်ဖက်ကနေ ဧရာဝတီမြစ်ဝှမ်းဒေသထဲ စတင်ဝင်ရောက်လာတဲ့ အချိန်လဲဖြစ်ပါတယ်။
ကမ္ဘာကြီးဟာ လုံးမှန်း ထိုခေတ်က ဂရိပညာရှင်အချို့သိကြပေမဲ့ ဘယ်သူကမှ တိတိကျကျ တိုင်းထွာဖို့ကြိုးစားတယ်လို့ သမိုင်းမှတ်တမ်းတွေမှာ မတွေ့ရပါဘူး။ အီရတိုစသီးနဲ့စ်ဟာ ကမ္ဘာလုံးကိုတိုင်းထွာခြင်းဆိုတဲ့ ခေါ်င်းစဉ်နဲ့ စာအုပ်တတစ်အုပ်ရေးပေမဲ့ ထိုစာအုပ်ကတော့ ပျောက်ဆုံးသွားပြီလို့ ယူဆရပါတယ်၊ သို့ပေမဲ့ ထိုစာအုပ်ကို အခြားဂရိစာရေးသူတစ်ယောက်က အကျဉ်းချုပ်မှတ်တမ်းတင်ခဲ့ပါတယ်။ ထိုမှတ်တမ်းအရ အီရတိုစသီးနဲ့စ် ရဲ့ ဆင်ခြင်ပုံကို အခုလို နားလည် နိုင်ပါတယ်။
၁။ နေဟာ ကမ္ဘာနဲ့ အဆပေါင်းများစွာကြီးပြီး၊ အလွန်ပဲ ဝေးတယ်လို့ ယူဆရအောင်။ ဒီယူဆပုံမှန်ရင် နေကလာတဲ့ အလင်းတန်းတွေဟာ ဖျောင့်တန်းတဲ့ မျဉ်းပြိုင်တွေလို ကမ္ဘာပေါ်ရောက်လာလိမ့်မယ်။

၂။ ကမ္ဘာကြီးဟာ ပြားနေရင် ထောင့်မှန်ကျကျထောင်ထားတဲ့ တိုင်နှစ်တိုင် ရဲ့ အရိပ်ဟာ ကမ္ဘာ့နေရာတိုင်းမှာ အတူတူဖြစ်နေရမယ်။ ဥပမာ ရန်ကုန်မြို့မှာ ၃ပေရှည် တိုင်တစ်တိုင်ကို ဒေါင့်မှန်ကျထောင်မယ်၊ နောက်တစ်တိုင်ကို ထိုအတိုင်းပဲ ဘန်ကောက်မြို့မှာ ထားမယ်။ ကမ္ဘာကြီးဟာ ပြားခဲ့ရင် ရန်ကုန်တိုင်က အရိပ်မကျတဲ့အချိန်မှာ ဘန်ကောက်တိုင်ကလဲ အရိပ်မကျရဘူး။ အဲသလိုပဲ အရိပ်ကျတဲ့အချိန်မှာဆို အရိပ်တွေရဲ့ အရှည်အလျားဟာ တူညီနေမယ်။ အကယ်၍ ရန်ကုန်တိုင်မှာ အရိပ်မကျတဲ့ အချိန်မှာ ဘန်ကောက်အက ရိပ်ကျတယ်ဆိုရင် ကမ္ဘာမြေရဲ့ မျက်နှာပြင် ခုံးနေလို့ပဲ ဖြစ်ရမယ်။

၃။ အကယ်၍ အရိပ်တွေကျတဲ့ ထောင့်မတူရင် မတူတဲ့ အရိပ်ရဲ့ ထောင့်ဒီဂရီတွေကို တိုင်းပြီး စက်ဝန်းတခုလုံးရဲ့ အလျားကိုတွက်ယူနိုင်မယ်။
အီဂျစ်နိုင်ငံက ဆိုင်ရင်းမြို့မှာ နွေယဉ်စွန်းရက် (ဇွန်လ ၂၁ရက်) နေ့ နေအမြင့်ဆုံးအချိန်ရောက်ရင် နေဟာ ခေါင်းပေါ်တည့်တည့် ရောက်နေပြီး ထိုမြို့က ရေတွင်းတွေမှာ နေက အရိပ်လုံးလုံးမကျကိုတွေ့ရလေ့ရှိတယ်။ နေရဲ့အလင်းတန်းဟာ ဆိုင်ရင်းမြို့အပေါ် ဒေါင့်မှန်အတိကျတယ်ပေါ့။ ဆိုင်ရင်းမြို့ရဲ့ မြောက်ဖက်မှာရှိတဲ့ အဲလက်ဇန်းဒရီးယား မှာဆိုရင် ထိုနေ့ထိုအချိန်မှာဆို နေကအရိပ်ကျတာကို သူသိရတယ်။ ပြီးတော့ အရိပ်က ၇.၂ ဒီဂရီ စောင်းကျတာကိုလဲ သူသိရတယ်။ ဒါနဲ့ ဒီမြို့နှစ်မြို့ရဲ့ အကွာအဝေးကို သူက တိုင်းခိုင်းတယ်။ လွန်ခဲ့တဲ့ နှစ် ၂၅၀၀ အရင်က မြို့နှစ်မြို့အကွာအဝေးဘယ်လိုတိုင်းလဲဆိုတော့ သူဆီက ကျွန်တစ်ယောက်ကို ဒီနှစ်မြို့အကြား ပုံမှန် ခြေလှမ်းလမ်းလျှောက်ခိုင်းတယ်ဆိုပါတယ်။ အချို့သမိုင်းဆရာတွေက တာဝေးအပြေးသမား သို့မဟုတ် သစ်ကုလားအုပ်လို တိရိစ္ဆာန်တွေရဲ့ ခြေလှမ်းအရေအတွက်တိုင်းပြီး အကွာအဝေးကို ခန့်မှန်းတွက်ချက်ကြည့်တယ် ဆိုတယ်။ ဘယ်နည်းဖြစ်ဖြစ် သူရတဲ့ အဖြေက ဒီမြို့နှစ်ခုဟာ ၅၀၀၀ ရုံ ကွာဝေးတယ်တဲ့။
စက်ဝိုင်းတခုမှာ ၃၆၀ ဒီဂရှိတယ်၊ ၇.၂ ဒီဂရီဟာ ၅၀၀၀ ရုံကွာဝေးရင် ၃၆၀ ဒီဂရီဆိုဘယ်လောက်ဝေးမလဲ။ ၃၆၀ကို ၇.၂ နဲ့စားရင် ၅၀။ ပြီးတော့ ၅၀၀၀ နဲ့ မြှောက်တော့ ၂၅၀၀၀၀ ရုံ၊ ၁ရုံဟာ ၁၅၇.၅ မီတာ။ ဒါကြောင့် သူရတဲ့ အဖြေက ၃၉၃၇၅ ကီလိုမီတာ။ သူ့ထက်ပိုတိကျ အဖြေကိုရဖို့ ဒီကနေ့ ဒုံးပျံတွေ ဂြိုလ်တုတွေခေတ်အထိ စောင့်ခဲ့ရပါတယ်။ နောက်ဆုံးပေါ် နည်းပညာတွေသုံးပြီးတွက်တော့ ရတဲ့ အဖြေက ၄၀၀၇၆ ကီလိုမီတာတဲ့။ သူတွက်ခဲ့တာနဲ့ ကီလိုမီတာ ၇၀၀ လောက်ပဲလွဲတယ်၊ ရန်ကုန် မန္တလေး အကွာအဝေးသာသာပဲ။
တိုင်းစရာ ပေတံမရှိတဲ့ခေတ်က လူတစ်ယောက်ဟာ ခန့်မှန်းချက်တွေ၊ ယူဆချက်တွေကိုအခြေခံပြီး သင်္ချာဆင်ခြင်နည်းနဲ့ တွက်ချက်တဲ့အခါမှာ မယုံနိုင်အောင် တိကျနေတာကို တွေ့ရတယ်။ ဒါဟာ သင်္ချာနည်းနဲ့ အားကောင်းချက်တစ်ခုကို ပြသတာ လို့လဲဆိုနိုင်ပါတယ်။ ဒါကြောင့် ပညာရပ်တိုင်းလိုလိုမှာ သင်္ချာနည်းတွေကို ထည့်သွင်းဖို့ ကြိုးစားလာကြတယ်။ သင်္ချာမှုပြုခြင်းဟာ သိပ္ပံပညာရဲ့ ဂုဏ်အင်္ဂါတစ်ခုဖြစ်ပါတယ်။
ကြယ်တမန်
၁ လီတာ အရွယ် ရေသန့်ဘူး နှစ်ဘူး၊ တစ်ဘူးက ရေအပြည့်ပါတယ်၊ အခြားတစ်ဘူးက အခွံသက်သက်၊ ရေမပါဘူး။ ဒီနှစ်ဘူးကို ခြောက်ထပ်တိုက် အပေါ်ကနေ တပြိုင်တည်း ပြစ်ချလိုက်ရင် ဘယ်ရေဘူးဟာ အရင် မြေကြီးနဲ့ လာထိမလဲ။
ပိုလေးသော အရာဟာ အကျပိုမြန်တယ်၊ ဒါကြောင့် ရေအပြည့်ပါတဲ့ ဘူးက မြေပေါ် အရင် ရောက်မယ် လို့ စာဖတ်သူအချို့က ထင်ကောင်းထင်ကြပါလိမ့်မယ်။ “သိသူများရဲ့ သခင်” ဖြစ်တဲ့ အာရစ်တိုတယ်လ် ကိုယ်တိုင် အဲ့သလိုပဲ ရေးခဲ့ပါတယ်၊ လေးတဲ့အရာဟာ အကျပိုမြန်တယ်တဲ့။ အာရစ်တိုတယ်လ် ရေးပြီး နှစ်ပေါ်င်း ၁၈၀၀ ကျော်လောက် အထိ ခေတ် အဆက်ဆက်က သိပ္ပံပညာရှင်တွေလဲ အာရစ်တိုတယ်လ် ရေးခဲ့သလိုပဲ လက်ခံခဲ့ပါတယ်။ လက်မခံရင်တောင် မှားကြောင်း သက်သေပြဖို့ ကြိုးစားမှုတွေ မယ်မယ်ရရ မရှိခဲ့ပါဘူး။ ပြဿနာက အာရစ်တိုတယ်လ် ရဲ့ ဆင်ခြင်ပုံက လွဲမှားနေပါတယ်၊ တကယ်တော့ ပိုလေးသောအရာဟာ အကျပိုမမြန်ပါဘူး။ ဆရာ့ဆရာကြီးတွေလဲ မှားတတ်ကြတာကိုး။ ဒါကြောင့် အသိပညာ ရှာဖွေရာမှာ ရှေးခေတ်က ကျမ်းတွေကို လေ့လာကြည့်ယုံနဲ့ မရပါဘူး၊ သြဇာကြီးသူတွေရဲ့ ဆုံးမစကား နာယူပေမဲ့လဲ မဖြစ် သေးပါဘူး။ ရှေးစကားတွေလဲ မှားတတ်သလို ထိုအမှားကို ပြင်ဖို့က တစ်ခါခါမှာ နှစ်ပေါင်း ရာနဲ့ ထောင်နဲ့ချီ ကြာတတ်ပါတယ်။
ပိုလေးသောအရာက အကျပိုမြန်သလား ဆိုတဲ့ မေးခွန်းမျိုးဟာ လွယ်တယ်၊ ရှင်းတယ်။ ဒါဆို သာမန်စဉ်းစားဉာဏ်နဲ့ ကိုယ်တိုင် ဆင်ခြင်ပြီး အဖြေမှန်ထုတ်နိုင်မယ်လို့လဲ ထင်စရာပါပဲ။ ဒါပေမဲ့ ကိုယ်ပိုင် စဉ်းစားဉာဏ်နဲ့ ဆင်ခြင်ကြည့်မယ်ဆိုရင် ဒီမေးခွန်းအတွက် အဖြေအမှန် ရဖို့က မလွယ်ပါဘူး၊ မှားယွင်းတဲ့ အဖြေရဖို့ ကပိုလွယ်ပါတယ်။ လူဟာ လှည့်စားမှုကျွမ်းကျင်တဲ့ သတ္တဝါတစ်မျိုးပါ။ သူများကို လှည့်စား တတ်သလို ကိုယ့်ကိုယ်ကို လှည့်စား တတ်ပါတယ်။ ကိုယ်ပိုင် စဉ်းစားဆင်ခြင်မှုကို အသုံးချပြီး ရလာတဲ့ အသိပညာကို မှန်တယ်လို့ မယုံထိုက်သေးပါဘူး။ ကိုယ်ပိုင် ဆင်ခြင်မှုဟာ လှည့်စားမှုတစ်ခု မဟုတ်ဘူးဆိုတာကို ဘယ်လို သိနိုင်မလဲ။ ကိုယ်ပိုင် ဆင်ခြင်မှုဟာ မမှားဘူးလို့ ဘာကို အခြေခံပြီး ပြောနိုင်မလဲ။
လွဲမှားနေတဲ့ ဆင်ခြင်မှုကို စနစ်တကျလုပ်တဲ့ လက်တွေ့ စမ်းသပ်မှုနဲ့ ထောက်ပြနိုင်ကြောင်းကို ၁၈၃၅ ခုနှစ်မှာ နူရင်ဘာ့ခ်မြို့ မှာလုပ်ခဲ့တဲ့ နှစ်ဖက်မမြင်း စမ်းသပ်မှုက ပြသနိုင်ခဲ့ပါတယ်။ အသိပညာ တိုးတက်မှုအတွက် ခံယူချက်၊ ယူဆချက်တွေအားလုံးကို လက်တွေ့ စမ်းသပ်မှုနဲ့ စစ်ဆေးပြီးမှု လက်ခံသင့်တယ်ဆိုတာကို လူတွေသိရှိကြတာ တစ်ကယ်တော့ သိပ်မကြာသေးပါဘူး။ ရှေးဟောင်းကျမ်းတွေမှာ နက်ရှိုင်းတဲ့ အသိတရားတွေ ပါရှိတယ်လို့ လူ့သမိုင်း တစ်လျှောက်မှာ လူတွေဟာ ထင်ခဲ့ကြပါတယ်။ ရှေးခေတ်က လူပုဂ္ဂိုလ်တွေ ပညာပိုရှိခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါကြောင့် ရှေးကျမ်းတွေကို လေ့လာခြင်းအားဖြင့် အသိပညာသစ်တွေရနိုင်မယ်လို့ မျော်လင့်ခဲ့ကြပါတယ်။
ဥပမာ ၁၆ရာစုနှစ် အနာက်တိုင်း နိုင်ငံတွေက တက္ကသိုလ်တွေမှာ သင်ကြားပေးတဲ့ ဘာသာရပ်တွေမှာ ရှေးခေတ်က ဂရိလူမျိုး ပညာရှင်တွေရဲ့ သြဇာလွမ်းမိုးမှု အတော်များများရှိပါတယ်။ သင်္ချာ၊ ဆေးပညာ၊ နိုင်ငံရေး၊ စာပေ အနုပညာ စသည်ဖြင် ဘာသာရပ်တိုင်းလိုလိုမှာ ဂရိဆရာတွေ ရေးခဲ့တဲ့ ကျမ်းတွေကိုသာ အဓိကထား လေ့လာကြရပါတယ်။ အထူးသဖြင့် အာရစ်တိုတယ်လ်ရဲ့ သြဇာဟာ အနာက်တိုင်ပညာရှင်တွေအပေါ် အတော်ပဲ လွှမ်းမိုးခဲ့ပါတယ်။ သူ့သြဇာအရှိန်အဝါကြီးလွန်းတာမို့ သူ့ကို နာမည်နဲ့မခေါ်တော့ပဲ သိသူများရဲ့သခင် လို့ အီတာလီ စာရေးဆရာကြီး ဒါန်တေက အမွန်းတင်ခဲ့တာပါ။
အင်္ဂလိပ်စကားမှာ အမှန်တရားရှာဖွေတဲ့ အလုပ်ကို research လုပ်တယ်လို့ခေါ်ကြတယ်၊ ရှာဖွေတယ် search လို့မခေါ်ဘူး၊ ပြန်လည်ရှာဖွေတယ် research လို့ခေါ်ပါတယ်၊ ဘာကြောင့် ပြန်လည်ရှာဖွေရတာလဲ ဆိုတော့ ထိုအမှန်တရားတွေဟာ အရင်က သိထားပြီးသားတွေပါ၊ သိထားပြီးသားတွေ မေ့ပျောက်သွားလို့ ပြန်လည်ရှိဖွေခြင်းလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။
ဘာကြောင့် ရှေးဟောင်း စာအုပ်စာတမ်းကို သင်ရတာလဲဆိုတော့ ထိုအချိန်မှာ အနောက်နိုင်ငံတွေမှာရှိတဲ့ သိပ္ပံအသိပညာဟာ ရှေးခတ်က ဂရိလူမျိုးတွေမှာ ရှိခဲ့တဲ့ သိပ္ပံအသိပညာ အဆင့်တောင်မရောက် သေးဘူးလို့ ဆိုနိုင်ပါတယ်။ သူတို့နဲ့ခေတ်ပြိုင် တရုတ်၊ အိန္ဒိယ၊ အာရပ် စတဲ့ ယဥ်ကျေးမှုတွေဟာလဲ အနောက်တိုင်းထက် ရှေ့ရောက်နေခဲ့ပါတယ်။ အဲ့သလို သိပ္ပံဆိုင်ရာ တိုးတက်မှု နောက်ကျနေတဲ့ အနောက်တိုင်းနိုင်ငံတွေဟာ နှစ်ပေါင်း ၂၀၀ လောက်အတွင်းမှာ သိပ္ပံပညာရဲ့ ဗဟိုနေရာ တစ်ခုဖြစ်သွားတယ်။ အနောက်နိုင်ငံတွေမှာ အထိက အခြေစိုက်တဲ့ သိပ္ပံပညာဟာ ကျန်တဲ့ ယဥ်ကျေးမှုတွေမှာရှိတဲ့ သိပ္ပံတိုးတက်မှုတွေကို ပြတ်ပြတ်သားသား ကျော်တက်သွားပါတော့တယ်။ ဘာကြောင့် အဲသလို ဖြစ်သွားရတာလဲဆိုတာကို တိတိကျကျ ဖြေရခက်ပေမဲ့ အနောက်တိုင်း သိိပ္ပံပညာ ရှာဖွေတဲ့ နည်းတွေမှာ ထူးခြားချက်တွေရှိတာကို သတိထားကြည့်သင့်ပါတယ်။ ထို ထူးခြားချက်တွေကို လူပုဂ္ဂိုလ်တစ်ဦးအဖြင့် တင်စားကြည့်ရင် ဘယ်သူဖြစ်နိုင်လဲ။ ဖြစ်နိုင်သူ အများကြီးရှိနိုင်ပါတယ်။ စာရေးသူကတော့ ဂယ်လီလီရို ကိုရွေးပါတယ်။
သိပ္ပံပညာရှင် ဂယ်လီလီရို ကို အီတလီနိုင်ငံ ပီစာမြို့မှာ ၁၅၆၄ ခုနှစ် ဖေဖဝါရီလ ၁၅ ရက်နေ့ မှာမွေးပါတယ်၊ သူ့မိဘတွေဟာ ဂီတပညာရှင်တွေပါ၊ ပညာရေး လိုက်စားကြပါတယ်၊ ဒါပေမဲ့ မချမ်းသာကြပါဘူး။ ဂယ်လီလီရို ငယ်စဥ်အခါတည်းက ဂီတပညာ ဝါသနာပါခဲ့ပါတယ်။ သူငယ်ငယ်က ခရိယန် ဘုန်းကြီးလုပ်မယ်လို့ပြောတာ့ သူအဖေက သဘောမတူလို့ မလုပ်ဖြစ်ပါဘူး။ မိဘတွေက ဆရာဝန်လုပ်စေချင်လို့ ဆေးကျောင်းတက်ခိုင်းတော့လဲ သူက မကြိုက်ပြန်ပါဘူး၊ လူတကာနဲ့ အငြင်းအခုံလုပ်သူ လို့သာ နာမည်ရခဲ့ပါတယ်။ သူစိတ်ဝင်စားတာက သင်္ချာဘာသာရပ်ပါ။ ဒါပေမဲ့ သူကျွမ်းကျင်တာကတော့ သင်္ချာဘာသာ တစ်ခုသာမဟုတ်ပါ၊ သူဟာ ဟိုစစ ဒီစစနဲ့ နယ်ပယ်အစုံကို လေ့လာခဲ့ပါတယ်။ ဂယ်လီလီရို ရဲ့ သိပ္ပံ လုပ်နည်းလုပ်ရပ်မှာ ၃ ခုဟာ အရေးကြီးပါတယ်။ ထိုနည်းတွေကို အခြေခံတဲ့ အနာက်တိုင် သိပ္ပံပညာဟာ အခြားသောနိုင်ငံတွေထက် မကြာခင်မှာ ရှေ့ရောက်သွားတယ်ဆိုချင်ပါတယ်။
ပထမအချက် အနေနဲ့ ဂယ်လီလီရို ဟာ ဆရာကြီး ဆရာမကြီး တွေရေးတဲ့ စာကို ဖတ်တိုင်းမယုံကြည်ခဲ့ပါဘူး။ လေးတဲ့အရာဟာ အကျပိုမြန်တယ် ဆိုပြီး အာရစ်တိုတယ်လ် ရေးခဲ့တာကို သူက ဟုတ်ကောဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ပါတယ်၊ ပြီးတော့ မှန်တယ်မမှန်ဘူး ဆိုတာကို စကားနဲ့တင် အငြင်းအခုံ လုပ်တာမျိုးမဟုတ်ပဲ သူဟာ လက်တွေ့မှာ သက်သေပြနိုင်ဖို့ အားထုတ်ပါတယ်။ သူနေတဲ့ ပီစာမြို့မှာ ယိုင်နေတဲ့ မျှော်စင်တခုရှိပါတယ်၊ ပေ ၁၉၀ လောက် မြင့်ပါတယ်။ ထိုမျှော်စင်ပေါ်ကနေ အလေးချိန်မတူတဲ့ လုံးသောအရာနှစ်ခုကို သူက ကျောင်းသားတွေအရှေ့မှာ တပြိုင်တည်း ပစ်ချ ပြတယ်ဆိုပါတယ်။ အကြိမ်ကြိမ်ပစ်ချလဲ အလေးမတူတဲ့ အရာနှစ်ခုဟာ တချိန်တည်း မြေကို လာထိတာကို တွေ့ရတယ် ဆိုပါတယ်။ ဒါကြောင့် အာရစ်တိုတယ်လ် ရဲ့ ဆင်ခြင်ပုံက မှားနေကြောင်းကို သူက လက်တွေ့မှာ သက်သေပြနိုင်ပါတယ်။ တကယ်တော့ အရာရာတိုင်းမှာ ကမ္ဘာမြေရဲ့ ဆွဲအားဟာ အတူတူပါပဲ။ အချို့သောအရာတွေက အကျနှေးတာဟာ ထိုအရာရဲ့ အလေးချိန်ကြောင့်မဟုတ်၊ ထိုအရာကို လေထုက ပို၌ပင့်ထားနိုင်တာကြောင့် ဖြစ်ပါတယ်။ ငှက်အတောင်လို အရာမျိုးက အကျနှေးတာ ပေါ့လို့မဟုတ်၊ သူ့ပုံသဏ္ဍာန်က လေထုရဲ့ ပင့်အားကို ပိုယူထားလို့ဖြစ်ပါတယ်။ အကယ်၌သာ လေထုမရှိရင် ဘယ်လောက်ပဲလေးသည်ဖြစ်စေ အရာရာတိုင် တစ်ချိန်တည်းကျကြမှာဖြစ်တယ်။ ဒါကို လက်တွေ့ပြဖို့ အာကာသယဥ်မှုး ဒေးဗစ် စကော့တ် က လ ပေါ်မှာ တူ တစ်ချောင်း ငှက်အတောင်တစ်ခု ကို ပစ်ပြခဲ့ပါတယ်။
အဲ့သလို ကမ္ဘာမြေရဲ့ ဆွဲငင်အားနဲ့ ပတ်သတ်ပြီး ဂယ်လီလီရို ဟာ စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဥပမာ အချိန်ကို တိတိကျကျ တိုင်ထွာနိုင်တဲ့ နာရီရယ်လို မရှိတဲ့ခေတ်၊ ဓာတ်ပုံရိုက်ဖို့ ကင်မရာမရှိတဲ့ခေတ်မှာ မြေပေါ်ကျလာတဲ့ အရာတခုရဲ့ အရှိန်တိုးနှုန်းကို သူက တိတိကျကျ တိုင်းထွားနိုင်ခဲ့ပါတယ်။ ရွှေ တစ်ကီလိုနဲ့ ငွေတစ်ကီလို ဟာ လေထဲမှာချိန်ရင် အလေးချိန်တူပေမဲ့ ရေထဲမှာ ချိန်ရင် ရွှေ တစ်ကီလိုက ပို၍လေးပါတယ်။ ဒီအချက်ကို အခြေခံပြီး ရွှေနဲ့ငွေရောထားရင် ဘယ်အချိုးအစားနဲ့ ရောထားကြောင်း တိတိကျကသူက တိုင်းထွာနိုင်ခဲ့ပါတယ်။ ဂယ်လီလီရိုရဲ့ အားထုတ်မှုကြောင့် သိပ္ပံပညာမှာ လက်တွေ့စမ်းသပ်မှုဟာ ပင်မကျတယ်ဆိုတာကို သိရှိ ကြရပါတယ်။ လက်တွေ့စမ်းသပ်မှုဟာ မရှိမဖြစ်လိုအပ်တယ်ဆိုတာကို အနောက်တိုင်း သိပ္ပံပညာရှင်တွေ လက်ခံလိုက်ပါတယ်။ အခုခေတ်လူငယ်ကျောင်းသား ကျောင်းသူတွေ ကျောင်းမှာသင်ယူရတဲ့ နယူတန်ရဲ့ နိယာမတွေဟာ ဂယ်လီလီရို ရဲ့ စမ်းသက်ချက်တွေအပေါ် အခြေခံထားပါတယ်။
ဒုတိယအချက်အနေနဲ့ သူဟာ ရုပ်လောကကို နက်နက်ရှိုင်းရှိုင်း လေ့လာနိုင်ဖို့ နည်းအသစ်တွေ ကိရိယာ အသစ်တွေကိုယ်ပိုင်ထွင်ခဲ့ပါတယ်။ ၁၅၀၀ ခုနှစ်လောက်မှာ အနောက်တိုင်းနိုင်ငံတွေမှာ ဖန်ထည်မှန်ထည် လုပ်ငန်းတွေဟာ အတော်လေး အဆင့်မြင့်နေပါပြီ၊ ဖန်ထည်တွေကို လိုသလို ပုံသွင်းနိုင်ဖို့ အသိပညာ အတတ်ပညာတွေ စရှိပါပြီ။ မှန်ထည်ကို တိတိကျကျနဲ့ ခုံးနေအောင် ပုံသွင်းနိုင်ရင် အဝေးကြည့် မှန်ဘီလူး လုပ်နိုင်ကြောင်း သူကြားသိရပြီး သူကိုယ်တိုင် အဝေးကြည့်မှန်ပြောင်းတွေ တီထွင်ခဲ့ပါတယ်။ သူထွင်ခဲ့တဲ့မှန်ပြောင်းတွေထဲက အကောင်းဆုံး မှန်ပြောင်းနဲ့ ကောင်းကင်ကို ကြည့်လိုက်တဲ့အခါ ဘယ်သူမှ မမျော်လင့်ထားခဲ့တဲ့ အရာတွေကို သူမြင်လိုက်ရပါတယ်။ ကမ္ဘာပေါ်မှာသာ ‘လ’ ရှိတာမဟုတ်၊ အခြား ဂြိုလ်တွေမှာလဲ ‘လ’ ရှိကြတယ်။ အချို့ ဂြိုလ်တွေမှာဆို ‘လ’ ပေါင်းများစွာ ရှိတယ်ဆိုတာကို သူမျက်မြင်တွေ့လိုက်ရပါတယ်။ စကြဝဠာထဲမှာ အရာရာတိုင်းဟာ ကမ္ဘာကို ဗဟိုထားပြီး လည်ပတ်ကြတာ မဟုတ်ဘူးဆိုတာကို မငြင်းနိုင်တဲ့ အထောက်အထား သူဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ သူရေးတဲ့စာ အုပ်ကို ‘ကြယ်တမန်’ လို့ ခေါ်င်းစဥ်တပ်ခဲ့ပါတယ်။
ဒါကြောင့် သိပ္ပံပညာရှာဖွေရာမှာ မျက်စေ့၊ နားစတဲ့ အာရုံခံ ကိုယ်အင်္ဂါကိုသာ အားကိုးလို့မရနိုင်ဘူး၊ လူတွေမှာရှိတဲ့ အာရုံခံ အင်္ဂါတွေနဲ့သာဆို မသိနိုင်တဲ့ အရာတွေ အများကြီးရှိတယ်၊ ထိုအရာတွေကို သိနိုင်ဖို့အတွက် တိုင်းထွာနိုင်တဲ့ ကိရိယာတွေ နည်းသစ်တွေ လိုအပ်တယ်လို့ သူက ဖေါ်ထုတ်နိုင်ခဲ့တယ်။ အဲဒီ လမ်းကြောင်းအတိုင်း ဆက်ပြီး စဥ်းစားတဲ့အခါ မေးခွန်းတွေထွက်လာတယ်။ မျက်စေ့နည့် မမြင်နိုင်အောင် သေးတဲ့အရာတွေဘာရှိလဲ။ ဟိုးအဝေးကြီးက လာတဲ့အသံကို ကြည်ကြည်လင်လင် ဘယ်လို ကြားနိုင်မလဲ။ ဒီကအသံကို အဝေးကြီးရောက်အောင် ဘယ်လို ပို့ပေးနိုင်မလဲ။ ဒီလိုမေးခွန်းမျိုးဟာ အလဟဿ မေးခွန်းတွေပါလို့ ထင်စရာရှိပေမဲ့ အခုခေတ်သုံးနေကြတဲ့ တယ်လီဖုန်းတို့၊ တီဗီတို့ စတာတွေဟာ ထိုမေးခွန်းတွေကို အချိန်ပေး အဖြေထုတ်ခဲ့သူတွေရဲ့ ကျေးဇူးသာဖြစ်တယ်။
လူရဲ့ အာရုံခံ အင်္ဂါတွေနဲ့ မသိနိုင်ဘူးလို့ ဆိုတော့ သူက ‘ရုပ်အလွန်’ လို့ မလုပ်ချလိုက်တာကို သတိထားပါ။ ဖုန်းတာဝါတိုင်ကလာတဲ့ လှိုင်းဟာ ရုပ် မရှိပါဘူး၊ လူတွေ အာရုံနဲ့ ဘယ်လိုမှ မခံစားနိုင်တဲ့ အရာပါ။ ထိုအရာရှိတာ မှန်သလိုပဲ ထိုအရာကို လိုသလို ဖန်တီးယူလိုရတာလဲ အမှန်ပါပဲ။ ‘ရုပ်အလွန်’ ဆိုတာကို အရေးမထားပဲ ရုပ် လောကကိုသာ တစ်စိုက်မတ်မတ် လေ့လာဖို့ သူက လမ်းပြခဲ့ပါတယ်။ ဒီလမ်းလိုက်ခဲ့သူတွေရဲ့ အောင်မြင်မှုဟာ ယနေ့ခေတ် သိပ္ပံနဲ့ နည်းပညာတွေသာ ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ ဂယ်လီလီရို ဟာ အာဏာပိုင် ဆိုသူ တွေကို ပုန်ကန်ခဲ့ပါတယ်။ သူပုန်ကန်တာက ရှေးခေတ်က ပညာရှင်တွေသာမဟုတ်ပါဘူး၊ ခေတ်ပြိုင်ပညာရှင်တွေထဲမှာလဲ လက်တွေ့ စမ်းသပ်မှုကို ပထာဏ မထားသူတွေကို သူက ဝေဖန်တယ်။ ကမ္ဘာသာ ဗဟို လို့ မိန့်တဲ့ ပုတ်ရဟန်းမင်းကြီးနဲ့လဲ ပြဿနာတက်ခဲ့ပါတယ်။ ဒါပေမဲ့ သူက မမှုခဲ့ပါဘူး။ သိပ္ပံပညာ အတွက် အသက်ပေးမယ် ဆိုတာမျိုးမဟုတ်ပေမဲ့ သူ့ရဲ့ စမ်းသပ်မှု တွေ့ရှိချက်တွေကို ရဲရဲကြီး ထုတ်ဖေါ်ခဲ့ပါတယ်။
အာဏာပိုင်ဆိုသူတွေကို ဂရုမစိုက်ပဲ ရုပ်လောကကို နည်းကိရိယာ အသစ်တွေနဲ့ စမ်းသပ်လေ့လာရမယ် ဆိုတာ ဂယ်လီလီရိုရဲ့ ဘဝသင်ခန်းစာပါပဲ။ အနောက်တိုင်းနိုင်ငံတွေမှာ သိပ္ပံပညာ ထွန်းကားလာတာ ထိုသင်ခန်းစာကြောင့်လို့ ဆိုနိုင်ပါတယ်။
Protected: ကမ္ဘာထွက်ချိန်
Protected: သိပ္ပံပညာနဲ့ သိပ္ပံဆန်သောပညာ
Protected: နှစ်ဖက်မမြင် စမ်းသပ်မှု
ရိုးရိုးသားသား လှည့်ဖျားခြင်း
ဆန်မြူရယ် ဟာနာမန် ရဲ့ တပည့် လုပ်ဖေါ်ကိုင်ဖက် ဓာတ်ကြမ်းဆေးဆရာတွေထဲမှာ ထင်ရှားတဲ့သူတစ်ဦးက ဒေါက်တာ ခရစ်တီယန် ဟားမန် ဖြစ်ပါတယ်။ သူလဲပဲ ဆေးဆရာအလုပ်နဲ့ အတော်အတန် အောင်မြင်မှုတွေရခဲ့ပြီး လူသိများခဲ့သူတစ် ယောက်ပါ။ ဆေးကုတဲ့အလုပ်နဲ့ လှည့်လည်သွားလာရင်း ၁၈၂၇ ခုနှစ်မှာ ရုရှားနိုင်ငံရဲ့ စိန့်ပီတာစဘာခ် မြို့ကို ရောက်လာပါတယ်။ ရုရှားနိုင်ငံရဲ့ တော်ဝင်မိသားစုထဲက ထိပ်သီးပုဂ္ဂိုလ်အချို့တောင် ဓာတ်ကြမ်းနည်းနဲ့ ကုသမှုခံဖို့ သူ့ဆီ လာကြတယ်ဆိုပါတယ်။ ထိုကာလအတွင်းမှာ ရှေ့တန်းရောက် ဘုရင့်တပ်သားတွေ အတော်များများ မနာမကျန်းဖြစ်ကြရလို့ ဓာတ်ကြမ်းနည်းနဲ့ စမ်းကုပေးဖို့ နန်းတွင်းကနေ ဒေါက်တာ ဟားမန် ဆီကို စကားကမ်းလှမ်းလာပါတယ်။ ၁၈၂၉ခုနှစ် ဖေဖဝါရီလမှာ ရုရှားစစ်သားတွေကို ဓာတ်ကြမ်းကုနည်းနဲ့ကုပေးဖို့ ၁-နှစ် စာချုပ် သူချုပ်ဆိုလိုက်ပါတယ်။ ပထမ အဆင့်အနေနဲ့ အခုခေတ် ယူကရိန်းနိုင်ငံက တူလဇင် မြို့ကလေး အနားက ရုရှားစစ်ဆေးရုံတစ်ခုမှာ လူနာတွေကို စတင်ဆေးကုဖို့ သဘောတူကြပါတယ်။
အဲသလိုနဲ့ ဓာတ်ကြမ်းကုနည်းကို ပထဆုံးအကြိမ် ကျယ်ကျယ်ဝန်းဝန်း အသုံးချနိုင်ဖို့ အခွင့်အလမ်းတစ်ခု ပေါ်လာပါတယ်၊ ဒေါက်တာ ဟားမန် ဟာ တူလဇင် မြို့ကိုရောက်လာပြီး ဆေးရုံမှာ မနာကျန်းတဲ့ စစ်သားအချို့ကို ဓာတ်ကြမ်းဆေးနဲ့ စပြီးကုပါတော့တယ်၊ လူနာတွေမှာ ဘာရောဂါရှိကြတယ်၊ ရောဂါ ဘယ်လောက်ဆိုးတယ်၊ အရင်က ဘာဆေးတွေနဲ့ ကုခဲ့တယ်၊ စတာတွေကို တိတိကျကျ မသိရပါဘူး။ ပြောလို့ရတာ တစ်ခုကတော့ သူ ဆေးစကုပြီး ၃-လ အကြာမှာ စစ်တမ်းယူထားတာရှိပါတယ်၊ ဒီစာရင်းအရဆိုရင် ဓာတ်ကြမ်းကုနည်းနဲ့ ကုခဲ့တဲ့ လူနာပေါင်း က ၁၆၄ ယောက် ရှိခဲ့ပါ။ ရောဂါပျောက်သွားတာက ၁၂၃ ယောက်၊ နာလန်ထဆဲရှိတဲ့ လူနာက ၁၈ ယောက်၊ သက်သာမှုမရှိသေးတဲ့ လူနာက ၁၈ ယောက်၊ ကွယ်လွန်သွားသူက ၆ ယောက်ပါ။ ၃ လ အပြီးမှာ ရတဲ့ ကနဦးရလဒ်တွေကို ကြည့်ပြီး ဓာတ်ကြမ်းတိုက်ကုနည်းဟာ အကျိုးထိရောက်မှုရှိမရှိ ဘယ်လိုပြောနိုင်မလဲ။ ဒါကို စဥ်းစားကြည့်ရအောင်။
လူနာတစ်ယောက်ကို ကုသဖို့ ဆေးတစ်ခုကျွေးရင် ဖြစ်နိုင်တဲ့ ရလဒ်တွေက ဘာတွေရှိမလဲ၊ ဖြစ်နိုင်ခြေ ၃ မျိုးသာ ရှိပါတယ်။
၁) မကြာတဲ့ ကာလတခုနောက်မှာ လူနာရဲ့ ရောဂါ သက်သာသွား နိုင်တယ်၊ ရောဂါလုံးလုံးပျောက်သွားနိုင်တယ်။
၂) မကြာတဲ့ ကာလတခုနောက်မှာ လူနာရဲ့ ရောဂါပိုဆိုးသွားနိုင်တယ်၊ လူနာ အသက်ပါ ပါသွားနိုင်တယ်။
၃) မကြာတဲ့ ကာလတခုနောက်မှာ ရောဂါအဆိုးအကောင်း ဘယ်လိုမှ အပြောင်းအလဲ မရှိတာ ဖြစ်နိုင်တယ်။
ဒီမှာ အကျိုးနဲ့အကြောင်းနဲ့ ဆင်ခြင်ကြည့်ရအောင်။ လူနာတစ်ယောက် ဆေးသောက်တယ်၊ မကြာခင်မှာ ရောဂါ သက်သာသွားတယ် ဆိုကြပါစို့၊ ရောဂါသက်သာခြင်းဟာ အကျိုး၊ ကောင်းသော အကျိုးပေါ့။ ဒီအကျိုးကိုဖြစ်စေတဲ့ အကြောင်း ကဘာလဲ။ ဆေးကြောင့် ကောင်းသွားတာလား၊ ဒါက ဖြစ်နိုင်ခြေတစ်ခု၊ ဒါပေမဲ့ အခြားသော ဖြစ်နိုင်ခြေတွေလဲ ရှိသေးတယ်၊ ဆေးမပေးလဲ သူ့ဘာသာသူပြန်ကောင်းသွားမဲ့ လူနာ မျိုးမို့လဲ ဖြစ်နိုင်တယ်၊ ဆေးကုစရာမလိုပဲ ပျောက်သွားနိုင်တဲ့ရောဂါမျိုးကြောင့်လဲဖြစ်နိုင်သေးတယ်၊ အဲသလို အခြားသော အကြောင်းတွေလဲရှိနိုင်သေးတယ် ဆိုတာကိုထည့်စဉ်းစားဖို့လိုတယ်။ ဒါကြောင့် နေကောင်းသွားတယ်ဆိုတဲ့ အကျိုးရလဒ်က တစ်ခု၊ ဒါပေမဲ့ ဒီအကျိုးကိုပေးနိုင်တဲ့ အကြောင်းက တစ်ခုထက်မက ရှိနိုင်တယ်၊ ဆေးကြောင့် နေပြန်ကောင်းတာ ဖြစ်နိုင်သလိုပဲ၊ ကိုယ်ခံအားကောင်းလို့ နေပြန်ကောင်းသွားတာလဲ ဖြစ်နိုင်တယ်၊ ရာသီဥတုပြောင်းသွားလို့ နေပြန်ကောင်းတာမျိုးလဲ ဖြစ်နိုင်တယ်။ အကျိုးတခုအတွက် အကြောင်းတွေက အများကြီး ရောထွေးနေတော့ ဘယ်အကြောင်းကြောင့် လူနာပြန်သက်သာသွားတယ်ဆိုတာကို ဘယ်လိုရှင်းနိုင်မလဲ။
တနည်းပြောရရင် ဒေါက်တာ ဟားမန်ကုခဲ့တဲ့ လူနာတွေထဲက ရောဂါပျောက်သွားတဲ့ လူနာ ၁၂၃ ယောက်ဟာ ဓာတ်ကြမ်းကုနည်းကြောင့် နေကောင်းသွားတာလား၊ ဒါမှမဟုတ် ဓာတ်ကြမ်းကုနည်းမပါလဲပဲ နေပြန်ကောင်းလာမဲ့ လူနာ တွေလား လို့မေးစရာရှိပါတယ်။ ထိုနည်းတူပဲ ကွယ်လွန်သွားတဲ့ လူနာ ၆ ယောက်ဟာ ဓာတ်ကြမ်းကုနည်းကြောင့် ကွယ်လွန်ကြတာလား၊ ဒါမှမဟုတ် ဓာတ်ကြမ်းကုနည်းမပါရင် ၆ ယောက်ထက် ပိုများတဲ့ လူနာတွေ ကွယ်လွန်ကြရမှာလားလို့လဲ မေးစရာရှိပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ချဥ်းကပ်ကြည့်ရအောင်။ ဓာတ်ကြမ်းကုနည်းဟာ လူနာအပေါ် အကောင်းအဆိုး တစုံတရာ အကျိုးသက်ရောက်မှုရှိသလား၊ မရှိဘူးလား။ ဒါဟာ ပထမ မေးခွန်းပါ။ အကျိုးသက်ရောက်မှု ဘာမှမရှိဘူးဆိုရင် ရှင်းသွားပြီ၊ ဓာတ်ကြမ်းကုနည်း ကို ဆေးတစ်ခုအဖြစ် အသုံးချလို့ဖို့မလိုဘူး။ အကျိုးသက်ရောက်မှုရှိတယ်ဆိုရင် ကောင်းတဲ့ အကျိုးလား၊ ဆိုးတဲ့အကျိုးလား၊ နှစ်ခုစလုံးလား။ ဒါက ဒုတိယ မေးခွန်းပါ။ ဒီမှလဲ ဆိုးကျိုးသာရှိတယ်ဆိုရင် လက်ခံစရာမရှိဘူး။ ကောင်းကျိုးသာရှိတယ်ဆိုရင်တော့ ဒီဆေးကို မျက်စေ့မှိတ်သုံးသင့်တယ်။ အဲ အချို့သော လူနာတွေကိုတော့ ကောင်းကျိုးပေးပေမဲ့ အခြားလူနာတွေကို ဆိုးကျိုးပေးတယ်ဆိုရင် ဘယ်လိုခွဲခြားလို့ရနိုင်မလဲ၊ တတိယ မေးခွန်းအနေနဲ့ ရှိသေးတယ်။
ပထမ မေးခွန်းကိုပဲ အချက်အလက်သုံးပြီး ဆင်ခြင်ကြည့်ရအောင်၊ လူနာပေါင်း ၁၆၄ ယောက်ထဲက ၁၂၃ ယောက် သက်သာသွားတယ်ဆိုတာ့ ဓာတ်ကြမ်းကုနည်း ဟာ လူတိုင်းကို အန္တရာယ်ပေးနိုင်တာ မဟုတ်ဘူးဆိုတာ တော့ သေချာပါတယ်။ ဓာတ်ကြမ်းဆေးသောက်ပြီး သက်သာသွား သူတွေအတွက်တော့ ဒီနည်းဟာ ကောင်းတယ်လို့ ထင်ချင်ကြမှာပဲ၊ မသက်သာတဲ့ သူတွေအတွက်တော့ ဒီနည်းဟာ မကောင်းဘူးလို့ ထင်ချင်စရာပါ။ ဒါပေမဲ့ ဒီအချက်လက်တွေကနေ ဓာတ်ကြမ်းကုနည်း သုံးသင့် မသုံးသင့် ဘယ်လို ကောက်ချက်ချနိုင်မလဲ။ ဓာတ်ကြမ်းကုနည်းဟာ လူနာတွေအပါ်မှာ တစ်စုံတရာ အကျိုးသက်ရောက်မှုရှိ ခဲ့တယ်လို ယတိပြတ် ဘယ်လိုလုပ် ပြောနိုင်မလဲ၊ အခုကပြောခဲ့သလို သက်သာသွားတဲ့ လူနာ ၁၂၃ ဦးဟာ ဓာတ်ကြမ်းဆေးမပါလဲ သက်သာသွားမဲ့လူနာတွေလား ဆိုတဲ့မေးခွန်းမျိုးက ရှိနေတယ်၊ ဒီမေးခွန်းကို ရှိပြီးသား အချက်လက်တွေနဲ့ ဖြေလို့မရနိုင်ဘူး။
ဒီမေးခွန်းကို အဖြေပေးနိုင်တဲ့ စမ်းသပ်မှုနည်းလမ်းတခုရှိတယ်လို့ ရုရှားကျန်းမာရေးလောကထဲက ပညာရှင်အချို့က စဥ်းစားမိတယ်၊ လူနာအရေတွက်များများနဲ့ ဓာတ်ကြမ်းကုဆရာတစ်ဦး လိုအပ်တာမို့ ဒေါက်တာ ဟားမန်ကို စိန့်ပီတာစဘာခ်ကို ပြန်လာဖို့ ဖိတ်ခေါ်လိုက်တယ်။ မကြာခင်မှာပဲ စိန့်ပီတာစဘာခ်မြို့နားက စစ်ဆေးရုံတစ်ခုမှာ ဓာတ်ကြမ်းကုနည်းကို ဒုတိယအကြိမ် စမ်းကြည့်ဖို့ ရုရှား ကျန်းမာရေး ပညာရှင်တွေ ပြင်ဆင်ကြပြန်တယ်။ သူတို့ရဲ့ အစီအစဥ်အသစ်မှာ ဓာတ်ကြမ်းနည်းနဲ့ ကုသမဲ့ လူနာတွေကို လူနာဆောင်တစ်ခုမှာ ထားမယ်၊ ဒီလူနာ ဆောင်မှာ ဒေါက်တာ ဟားမန်က ကုပေးရမယ်။ ဓာတ်ကြမ်းနည်းမပါဘဲ ကုပေးမဲ့ လူနာတွေကို အခြား လူနာဆောင်တခုမှာ ခွဲထားမယ်။ ထိုလူနာတွေကို အခြားဆေးဆရာအတွေက ကုပေးမယ်။ ဒါဆိုရင် အချိန်တခုကြာပြီးနောက်မှာ လူနာဆောင်နှစ်ခုက သက်သာသူ၊ မသက်သာသူ လူနာဦးရေကို နှိုင်းကြည့်ရင် ဓာတ်ကြမ်းကုနည်းဟာ အခြားကုနည်းလောက် ကောင်းမကောင်း သိနိုင်တယ်။ ဒါပေမဲ့ ဓာတ်ကြမ်းနည်းဟာ အခြားဆေးကုနည််းလောက် ကောင်းမကောင်း သိချင်တာမဟုတ်၊ သိချင်တာက ဓာတ်ကြမ်းနည်းဟာ တစ်စုံတစ်ရာ အကျိုးရှိမရှိ ဆိုတာပါ။
ဒီနေရာမှာ ရုရှားကျန်းမာရေး ပညာရှင်တွေဟာ အရင်က ဘယ်သူမှ မလုပ်ဘူးတဲ့ ပရိယာယ်တခုကို ထည့်သုံးပါတယ်။ ဒုတိယ လူနာဆောင်မှာ တကယ်တေ့ အခြားဘာဆေးနဲ့ ကုမှာမဟုတ်ပါဘူး၊ လူနာတွေကို ဘာဆေးမှမပေးပဲ စောင့်ရှောက်ပေးထားမည့် ‘ဆေးမကု’ လူနာဆောင်ပါ။ ဒါဆိုရလဒ်တွေဟာ ဓာတ်ကြမ်းဆေးကုခြင်းနဲ့ လုံးဝဆေးမကုခြင်းကို နှိုင်းတာဖြစ်သွားပြီ၊ အကယ်၍သာ ဓာတ်ကြမ်းနည်းဟာ တစ်စုံတစ်ရာ အကျိုးရှိရင် ‘ဆေးကု’ လူနာရုံက ရတဲ့ ရလဒ်နဲ့ ‘ဆေးမကု’ လူနာရုံက ရတဲ့ ရလဒ်နဲ့က တူမှာမဟုတ်ဘူး။ ဒီအဖြေကို ကြည့်ရင် ဓာတ်ကြမ်းနည်းဟာ အကောင်းအဆိုး တစ်စုံတစ်ရာ အကျိုးရှိမရှိ ဆိုတာကို တိတိကျကျပြောနိုင်မယ်။
အဲ၊ ပြဿနာ တခုက လူနာတွေ ဆေးရုံလာတက်တဲ့အခါမှာ ‘ကိုင်း၊ မင်းတို့ကိုတော့ ဆေးကုလူနာဆောင်မှာ ထားပေးမယ်၊ မင်းတို့ကိုတော့ ဆေးမကုလူနာဆောင်မှာ ထားမယ်’ လို့ ပြောလို့ မဖြစ်ဘူး။ ဆေးမကု လူနာဆောင် ကို ဘယ်သူက သွားချင်မှာလဲ။ ဒါကြောင့် လူနာဆောင်တခုတည်းမှာသာ ဆေးပေးမယ်၊ အခြားလူနာဆောင်မှာဆို ဆေးမပေးဘူး၊ ဆိုတဲ့ အစီအစဥ်ကို လူနာတွေကို ပေးသိလို့မဖြစ်ဘူး။ ဒါကြောင့်ဆေးရုံရောက်လာပြီးနောက်မှာလဲ ‘ဆေးမကု’ ဆောင်က လူနာတွေကို ဆေးမပေးပဲ ဒီအတိုင်းထားထားရင်လဲ သူတို့က ရိပ်မိသွားနိုင်တယ်၊ ဒါကြောင့် ရုရှားကျန်းမာရေး ပညာရှင်တွေဟာ လူနာတွေအပေါ် သူတို့အဆိုအရ ‘ရိုးရိုးသားသား လှည့်ဖျားမှု’ တခုလုပ်ပါတယ်၊ ‘ဆေးမကု’ ဆောင်မှာ လူနာတွေကို ဘာဆေးအာနိသင်မှမရှိတဲ့ အရာတွေကို ဆေးအဖြစ် ဟန်ဆောင်ပြီး တိုက်ပါတယ်။ ဆေးအာနိသင်မရှိတဲ့ အယောင်ဆောင်ဆေးကို နောက်ပိုင်းမှာ ပလာစီဘို လို့ ခေါ်ကြပါတယ်။ ဆေးအာနိသင်မရှိဘူး ဆိုတော့ ဘယ်လိုအရာတွေ ဖြစ်နိုင်မလဲ၊ လူတိုင်းနေ့စဥ် စားသုံးကြတဲ့ ဂျုံမှုန့်၊ နို့မှုန့် စတာတွေကိုသုံးပြီး ဆေးလုံး ဆေးရည်ပုံလုပ်ထားတာတွေပါ။ ဒီအယောင်ဆောင်ဆေး ပဘာစီဘိုမှာ ဆေးမပါသလို လူနာကို အန္တရာယ်ပေးနိုင်တဲ့ အရာအတွေ မပါဖို့လဲ အရေးကြီးပါတယ်၊ ဥပမာ သကြားများများပါရင် ဆီးချိုရှိသူတွေအတွက် အန္တရာယ်ရှိနိုင်တယ်၊ ဒါကြောင့် ပဘာစီဘိုကို လူတိုင်းနေ့စဉ်စားသုံးကြတဲ့ အရာ အနည်းငယ်နဲ့လုပ်ဖို့ အရေးကြီးပါတယ်။ ထို ဆေးမကု လူနာရုံမှာ လူနာတွေကို ပလာစီဘို ပေးတဲ့အပြင် သူတို့ကို သန့်သန့်ရှင်းရှင်း နေခိုင်းတယ်၊ အချိန်မှန်မှန်နဲ့ ကောင်းကောင်းအိပ်၊ ကောင်းကောင်းစားလုပ်ခိုင်းပါတယ်။ မကြာခင်မှာ လူနာဆောင်နှစ်ခုက စာရင်းတွေယူကြည့်လိုက်တော့ ဆေးကြမ်းကုနည်းဟာ လူနာအပေါ် တစ်စုံဟစ်ရာ အကျိုးရှိမရှိ ပြတ်ပြတ်သားသား အဖြေထွက်လာပါတယ်။
စိန့်ပီတာစဘာခ်က စစ်ဆေးရုံမှာ ၁၈၂၉ ခု စက်တင်ဘာလမှာ စတင်ခဲ့ ဒီစမ်းသက်မှုဟာ ၁၈၃၀ ခု ဖေဖေါ်ဝါရီလ မှာ ပြီးပါတယ်။ ဒီ ၅လကြာ ကာလအတွင်းမှာ ဒေါက်တာ ဟားမန်က လူနာ ၃၉၅ ယောက်ကို ‘ဆေးကုဆောင်’ မှာ ဓာတ်ကြမ်းနည်းကုသပေးခဲ့ပါတယ်၊ လူနာပေါင်း ၃၄၁ ယောက် သက်သာကောင်းမွန်ပြီး အခြား လူနာ ၂၃ ယောက် သေဆုံးပါတယ်။ ကျန်လူနာ ၃၁ ယောက်ကို အခြား လူနာလာဆောင်ကို လွှဲပေးထားတယ် ဆိုပါတယ်။ ‘ဆေးမကုဆောင်’ မှာ လူနာပေါင်း ၃၄၁ ယောက် ကုသပေးခဲ့ပါတယ်၊ လူနာ ၂၆၀ ယောက် သက်သာကောင်းမွန်ပြီး အခြား လူနာ ၅၃ ယောက်ကို အခြား လူနာဆောင်ကိုလွှဲ ပေးခဲ့ပါတယ်၊ ထိုလွှဲပေးခဲ့တဲ့ လူနာတွေထဲက ၉ ယောက်ကွယ်လွန်သွားပါတယ်၊ ကျန်တဲ့ လူနာ ၂၈ ယောက်က စာရင်းပျောက်ပါ။
ရာနှုန်းအရ ကြည့်မယ်ဆိုရင် ဓာတ်ကြမ်းကုနည်းအရ လူနာ ၁၀၀ မှာ ၈၆ ယောက် သက်သာတယ်၊ ၆ ယောက် ဆုံးတယ်၊ ၈ ယောက် စာရင်းပျောက်ပါ။ ပလာစီဘိုပေးပြီ ဆေးမကုနည်းအရ လူနာ ၁၀၀ မှာ ၇၆ ယောက် သက်သာတယ်၊ ၃ ယောက်ဆုံးတယ်၊ ၂၁ ယောက်က စာရင်းပျောက်။ စာရင်းပျောက်လူနာတွေကြောင့် အတိအကျ ပြောရခက်ပေမဲ့ ဒီရလဒ်နှစ်ခု ယှဥ်ကြည့်ရင် ဓာတ်ကြမ်းကုနည်းကြောင့် လူနာတွေ အာလုံးနီးနီး ပြန်ကောင်းတာမျိုး၊ ဓာတ်ကြမ်းကုနည်းမပါရင် လူနာ များများစားစား အသက်ဆုံးရတာမျိုးမရှိတာတော့ ထင်ရှားပါတယ်။ ဥပမာ စာရင်းပျောက်သူတွေထဲက အများစုဟာ သက်သာပြီး အိမ်ပြန်သွားကြသူတွေလို့ ယူဆရင် ရလဒ်နှစ်ခုမှာ ကွာခြားမှု သိပ်မရှိဘူး။ ဒါကြောင့် ဓာတ်ကြမ်းကုနည်းဟာ လူနာအပေါ် တစ်စုံဟစ်ရာ အကျိုးရှိမရှိဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။
အခုလုပ်ပြီးခဲ့တဲ့ စမ်သပ်မှုနှစ်ခုကို ပြန်သုံးသတ်ကြည့်ရအောင်၊ ပထမ အကြိမ် အနေနဲ့ တူလဇင် မြို့နားက စစ်ဆေးရုံမှာ လူနာတွေကို ဓာတ်ကြမ်းနည်းနဲ့ ကုပေးတယ်၊ လူနာအချို့သက်သာတယ်၊ အချို့မသက်သာဘူး၊ ဒါဆိုဆေးက ကောင်းလားလို့မေးရင် အကျိုးနဲ့အကြောင်းနဲ့ ဆက်စပ်ပြီး ပြောနိုင်ဖို့ခက်တယ်၊ အကျိုးတစ်ခုအတွက် အကြောင်းတွေ တခုထက်မက ရှိနေလို့ပါ။ အကျိုးအကြောင်း ဆက်စပ်ပြီး ပြောနိုင်ဖို့အတွက်က အချက်လက် သစ်တွေလိုအပ်ပါတယ်။ စိန့်ပီတာစဘာခ် စစ်ဆေးရုံက စမ်သပ်မှုမှာ ဓာတ်ကြမ်းနည်းနဲ့လူနာတွေကို ကုပေးနေရင်း တစ်ပြိုင်တည်းအတူ ဘာဆေးမှ မပါတဲ့ ပလာစီဘိုတိုက်ပြီး လူနာတွေကို စောင့်ရှောက်ထားခဲ့ပါတယ်၊ ဒါကြောင့် ဓာတ်ကြမ်းနည်းနဲ့ ကုခံရသူတွေနဲ့ ဘာဆေးမှမပါတဲ့ ပလာစီဘိုနည်းနဲ့ ကုခံရသူတွေရဲ့ ရလဒ်တွေကို တိုက်ရိုက်ယှဥ်ကြည့်လို့ရသွားပြီ၊ ထူးထူးခြားခြား ကွာခြားမှုမရှိဘူးဆိုတဲ့ အချက်လက်သစ်ကိုရလာပါတယ်။ ဒီအချက်ကို အခြေခံပြီး ဓာတ်ကြမ်းနည်းဟာ လူနာတွေ အပေါ် တစ်စုံတစ်ရာ အကျိုးရှိမရှိဘူးဆိုတာ သိရပါတယ်။
ဒီစမ်းသပ်မှုကနေ သိပ္ပံဆိုင်ရာတိုးတက်မှု အချို့ ရခဲ့ပါတယ်။ ပထမ တစ်ခုက အယောင်ဆောင်ဆေး ပလာစီဘို ရဲ့ အကျိုးကျေးဇူးပါ။ လူနာအချို့ဟာ ဆေးမပါတဲ့ ပလာစီဘို သောက်ရင်လဲ နေပြန်ကောင်းသွားတတ်ကြတယ်။ သောက်သူတွေကတော့ ဆေးကြောင့် ပြန်ကောင်းသွားတယ်လို့ ထင်ကောင်းထင်နိုင်ကြပေမဲ့ သူတို့သောက်တဲ့အရာထဲမှာ တကယ်တော့ ဆေးမပါပါဘူး၊ ဆေးမပါပဲ ကောင်းသွားတာမို့ ပလာစီဘို အကျိုးကျေးဇူး လို့ ခေါ်နိုင်ပါတယ်။ ပလာစီဘို ဟာလဲပဲ လူနာတွေအပေါ် ကောင်းကျိုး အနည်းငယ်ပေးနိုင်စွမ်းရှိတာကို ဆေးပညာရှင်တွေ စပြီး သိရပါတယ်။ ပလာစီဘိုမှာ ဘာကြောင့်အဲသလို ကောင်းတဲ့ အစွမ်းအာနိသင် ရှိနေတာလဲ ဆိုတာကိုတော့ ပညာရှင်တွေမသိကြသေးပါ။ ခန္ဓာကိုယ်က သူ့ကိုယ်သူ ပြန်ကုသွားတာမျိုးလား၊ ဆေးကုခံလိုက်ရပြီဆိုတဲ့ အသိစိတ်ကြောင့် (ထိုအသိစိတ်ဟာ မမှန်ဘူးဆိုပေမဲ့လဲ) စိတ်ထဲ အားရှိသွားတာကြောင့်လား၊ စသဖြင့် မေးခွန်းတွေ ထိုအချိန်တုန်းက ရှိနေဆဲပါ။
ဒီစမ်းသပ်မှုကနေရတဲ့ အခြားအသိတစ်ရား နောက်တစ်ခုကတော့ ဆေးတခု အာနိသင်ရှိမရှိသိချင်ရင် ထိုဆေးပေးတာနဲ့ ပလာစီဘို ပေးတာနဲ့ ဘာကွာလဲဆိုတာကို လူနာတွေအများကြီးမှာ စမ်းကြည့်ဖို့ လိုတယ်ဆိုတာပါပဲ။ ဆေးဟာ စစ်တယ် မှန်တယ် ဆိုရင် ပလာစီဘို အကျိုးကျေးဇူး ထက်ပိုပြီး သာဖို့လိုပါတယ်။ ဆေးအစစ် သောက်သူတွေသာလျှင် သိသိသာသာ နေကောင်းလာကြတယ်၊ ပလာစီဘို သောက်သူတွေဆိုရင် အဲသလို မသက်သာလာကြဘူး ဆိုတော့မှ ဆေးကို အာနိသင် တကယ်ရှိကြောင်း လက်ခံနိုင်မယ်။
ဓာတ်ကြမ်းကုနည်းကို ရောဂါနဲ့ တူသောဆေး ဟိုမီအိုပတ်သီ Homeopathy လို့ ဟာနာမန်က နာမည်ပေးခဲ့ပါတယ်၊ တချိန်တည်းမှာပဲ ထိုခေတ်က လူသုံးများတဲ့ ဆေးကုနည်းကိုတော့ သူက ရောဂါနဲ့ ဆန့်ကျင်သောဆေး အာလိုပတ်သီ Allopathy လို့ နာမည်ပေးခဲ့ပါတယ်။ ဆေးဟာရောဂါနဲ့ အတူအလုပ်မလုပ်ပဲ ရောဂါကို တိုက်ဖျက်ရမည်လို့ နားလည်ကြလို့ပါ။ သွေးဖေါက်ထုတ်ပစ်တာမျိုးဟာ အာလိုပတ်သီ Allopathy မှာ လူသုံးများတဲ့ နည်းပါ။ စိန့်ပီတာစဘာခ်က စစ်ဆေးရုံမှာ အခုပြောတဲ့ စမ်းသက်ချက်ကို လူနာဆောင် နှစ်ခုမှာ လုပ်နေပေမဲ့ အခြားသောလူနာဆောင်တွေမှာ တော့ လူနာတွေကို ထိိုခေတ်က အာလိုပတ်သီ ဆေးတွေနဲ့ ဆက်လက် ကုသခဲ့ပါတယ်၊ ထို အာလိုပတ်သီ လူနာဆောင်တွေက လူနာ စာရင်းအရဆို ကုသခဲ့တဲ့ လူနာ ၅၂၁ ယောက်မှာ ၆၀သေတယ်ဆိုပါတယ်။ ဒါကြောင့် ထိုခေတ်က လူသုံးများတဲ့ ဆေးကုနည်း အာလိုပတ်သီ ကလဲ ပလာစီဘို သုံးတဲ့ ဆေးမကုနည်းနဲ့ မကွာလှဘူးဆိုတာကလဲ ထင်ရှားပါတယ်။ ထိုခေတ်ထိုအခါက သုံးနေကျတဲ့ ဆေးကုနည်းအဟောင်း အာလိုပတ်သီ Allopathy ရော နည်းအသစ်ဖြစ်တဲ့ ဟိုမီအိုပတ်သီ Homeopathy ကပါ လူနာတွေအပေါ် ဘာမှ တစ်စုံတစ်ရာ အကျိုးမရှိဘူးဆိုတာကို စိန့်ပီတာစဘာခ်က စစ်ဆေးရုံမှာ လုပ်ခဲ့တဲ့ စမ်းသပ်မှုကနေ သိလိုက်ရပါတယ်။
ဒါတွေထက်ပိုပြီး အရေးကြီးတာတစ်ခုက လူတွေဟာ ကျန်းမာသည်ဖြစ်စေ၊ မကျန်းမာသည်ဖြစ်စေ၊ ပညာတတ်သည် ဖြစ်စေ၊ မတတ်သည်ဖြစ်စေ၊ စိတ်စေတနာကောင်းသည်ဖြစ်စေ စေတနာမကောင်းသည်ဖြစ်စေ၊ လူတိုင်းလူတိုင်းမှာ ဆန္ဒအစွဲလေးတွေရှိကြတယ်၊ ဆုံးဖြတ်ချက်တိုင်းလိုလိုမှာ ထိုအစွဲတွေဟာ ဝင်ပါနေလေ့ရှိတယ်၊ သိပ္ပံပညာမှာ တိုးတက်မှုကို ရှာဖွေတဲ့အခါမှာ ကိုယ့်စိတ်ထဲက အစွဲတွေထက် အပြင်လောက အထောက်အထား အချက်လက်တွေကို ပိုပြီးအားကိုးဖို့လိုပါတယ်၊ ကိုယ့်အစွဲ ကိုယ့်ဘက်လိုက်မှုကြောင့် အထောက်အထား တွေကို တန်သင့်တဲ့ အလေးမပေးမိတာမျိုး မဖြစ်အောင်ကြိုးစားဖို့လိုတယ်။ ဒါဟာ ပြောရလွယ် လုပ်ရခက်ပါတယ်။ သူပေးတဲ့ဆေးဟာ လူနာအပေါ် ဘာမှအကျိုးမရှိဘူးဆိုတာကို ဆေးဆရာတစ်ယောက်အနေနဲ့ လက်ခံဖို့က မလွယ်ပါဘူး၊ အထူးသဖြင့် ထိုဆေးဟာ ကောင်းတယ်လို့ သူက လက်ခံပြီးနောက်မှာ ထိုဆေးက ထင်သလို မကောင်းဘူးဆိုတာကို လက်ခံဖို့ခက်ပါတယ်။ ဒါဆိုရင် ဆေးဆရာမှာ ငါ့ဆေးကောင်းတယ်လို့ အစွဲဝင်သွားရင် သူ့ယုံကြည်ချက် မမှန်းဘူးဆိုတာကို ဘယ်လို ဖျောင်းဖျပေးနိုင်မလဲ။ ဒီနေရာမှာ ရုရှားကျန်းမာရေးဆရာတွေလုပ်သလို ထိုဆေးဆရာသိတဲ့ အချက်လက်တွေထက် ပိုပြီးပြည့်စုံတဲ့ အချက်လက်တွေကို စုဆောင်းပြီး ချပြရမယ် ဆိုတာပဲ။ ဒေါက်တာ ဟားမန်ဟာ သူ့ဓာတ်ကြမ်းဆေးကို သူဘယ်လောက် အယုံအကြည်ရှိနေပါစေ အချက်လက်တွေပြည့်စုံအောင် ပညာသားပါပါနဲ့ စုဆောင်းလိုက်တဲ့အခါမှာ သူ့ယုံကြည်မှုဟာ အချက်အလက်ကို အခြေခံတာထက် ကိုယ်ပိုင်အစွဲတွေကို အခြေခံတာ ပိုများနေကြောင်း တွေ့နိုင်တယ်။ လိုရာဆွဲတွေးမှုတွေကို အပြင်ကမ္ဘာက စမ်းသပ်မှုကရတဲ့ အချက်လက်တွေနဲ့ ချေပပေးရမယ် ဆိုတာ သိပ္ပံနည်းမှာ အလွန်ဘဲ အရေးပါလာတယ်။
ဓာတ်ကြမ်းဆေးနဲ့ ပလာစီဘို တို့ဟာ လူနာတွေအပေါ် အာဏိသင်ခြင်းတူတယ်ဆိုတာကို အခြားအခြားသော စမ်းသပ်ချက်တွေကလဲ အထောက်အထားတွေ ရရှိလာပေမဲ့ ဓာတ်ကြမ်းကုနည်းဟာ ဂျာမနီနိုင်ငံမှာ လူကြိုက်များဆဲ ရှိခဲ့ပါတယ်။ အထူးသဖြင့် အထက်တန်းအလွှာက လူပုဂ္ဂိုလ်တွေအကြား အတော် ခေတ်စားခဲ့ပါတယ်။ ဒါကို ကြည့်ပြီး စိတ်ပျက်နေရတဲ့သူတွေထဲမှာ နူရင်ဘာ့ခ် မြို့က ထိပ်တန်းကျန်းမာရေး ပညာရှင် ဖရီးဒရစ်ခ် ဖွန်ဟိုဗင် လဲပါတယ်။ ဒါကြောင့် ဓာတ်ကြမ်းဆေးရဲ့ အာနိသင်ကို လူရှေ့သူရှေ့မှာ လက်တွေ့ သာဓကပြဖို့ ဓာတ်ကြမ်းဆေးဆရာတွေကို စိန်ခေါ်တော့ နာမည်ကြီး ဆေးဆရာတစ်ယောက်က သူ့စိန်ခေါ်မှုကို လက်ခံလိုက်ပါတယ်။
You must be logged in to post a comment.